ရန်ကုန်၊ ဩဂုတ် ၁၃
အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အများဆုံး ကျပ်သန်း ၁၀၀ အထိ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေလျှောက်ထားနိုင်ပြီး အာမခံပစ္စည်း မပေးနိုင်သူများလည်း Credit Guarantee Insurance (CGI) စနစ်ဖြင့် အများဆုံး ကျပ်သန်း ၅၀ အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။
MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်တို့မှတစ်ဆင့် ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ် သို့မဟုတ် ခရိုင် MSME အေဂျင်စီများတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
ချေးငွေပမာဏအနေဖြင့် အသေးစားနှင့် အငယ်စားလုပ်ငန်းများအတွက် အများဆုံး ကျပ်သန်း ၅၀ အထိနှင့် အလတ်စားလုပ်ငန်းများအတွက် အများဆုံး ကျပ်သန်း ၁၀၀ အထိ လျှောက်ထားနိုင်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
ချေးငွေကို ပုံသေပစ္စည်း (Fixed Capital) အတွက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းနှင့်အထက် အသုံးပြုပါက ချေးငွေသက်တမ်း အများဆုံး သုံးနှစ်နှင့် တစ်နှစ်လျှင် အတိုးနှုန်း ၃ ရာခိုင်နှုန်း သတ်မှတ်ထားပြီး လှည့်ပတ်ငွေ (Working Capital) အတွက် ၁၀၀ ရာခိုင်နှုန်း အသုံးပြုပါက ချေးငွေသက်တမ်း အများဆုံး တစ်နှစ်ခွဲနှင့် တစ်နှစ်လျှင် အတိုးနှုန်း ၄ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
ထို့ပြင် အာမခံပစ္စည်း မပေးနိုင်သည့် MSME လုပ်ငန်းရှင်များအနေဖြင့် CGI စနစ်ဖြင့် အများဆုံး ကျပ်သန်း ၅၀ အထိ လျှောက်ထားနိုင်ပြီး တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြစ်ကာ အာမခံကြေးကို သီးခြားပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အာမခံပစ္စည်းဖြင့် ချေးငွေလျှောက်ထားရာတွင် ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ လန (၃၉) မြေ၊ ပုံစံ (၇) မြေများအပြင် RC ကွန်ကရစ်တိုက်၊ အုတ်ညှပ်အဆောက်အအုံ၊ Steel Structure နှင့် ကွန်ဒိုတိုက်ခန်းများကိုလည်း အာမခံပစ္စည်းအဖြစ် လက်ခံပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။
သို့ဖြစ်ရာ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ချေးငွေရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ MSME အေဂျင်စီများတွင် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ကြောင်း သိရသည်။