ရန်ကုန်၊ဇူလိုင်-၂၂
ဂျပန်နိုင်ငံသို့ တင်ပို့နေသည့် မြန်မာနိုင်ငံထုတ် ငရုတ်သီးမှုန့်၊ ငရုတ်ပွနှင့် ငရုတ်သီးခြောက် (အနီရောင်) ပါဝင်သော အစားအသောက်များအပေါ် Aflatoxin (မှိုအဆိပ်) ပါဝင်မှုရှိ၊ မရှိကို ဂျပန်အစိုးရက ဆက်လက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) က အသိပေးထုတ်ပြန်ထားသည်။
MFVP ၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံသို့ မြန်မာ့ပဲတီစိမ်းနှင့် ငရုတ်သီးမှုန့်များ တင်ပို့ရာတွင် လိုက်နာရမည့် စစ်ဆေးရေးဆိုင်ရာ သတ်မှတ်ချက်အသစ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၏ အစားအသောက်ဘေးကင်းလုံခြုံရေး သတ်မှတ်ချက်များအရ Total Aflatoxin (B1, B2, G1 နှင့် G2) ပါဝင်မှုကို သက်ဆိုင်ရာ စမ်းသပ်နည်းလမ်းများဖြင့် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး စားသုံးသူဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထို့ပြင် ဂျပန်နိုင်ငံ၏ သက်ဆိုင်ရာအမိန့်ကြေညာချက်များအရ မြန်မာနိုင်ငံထုတ် ငရုတ်ပွနှင့် ငရုတ်သီးခြောက် (အနီရောင်) ပါဝင်သည့် အစားအသောက်အချို့ကို တင်သွင်းသည့် ကုမ္ပဏီများအပေါ် ကန့်သတ်ချက်များ ချမှတ်ထားကြောင်း သိရသည်။
MFVP ကလည်း ဂျပန်ဈေးကွက်သို့ တင်ပို့နေသော ကုန်သည်များနှင့် ထုတ်လုပ်သူများအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို ဂျပန်နိုင်ငံ၏ အရည်အသွေးနှင့် အစားအသောက်ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် အထူးဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
ဂျပန်က စားသုံးသူဘေးကင်းလုံခြုံရေးအတွက် မြန်မာ့ငရုတ်သီးထုတ်ကုန်များတွင် Aflatoxin ပါဝင်မှု ရှိ၊ မရှိကို ဆက်လက်တင်းကြပ်စစ်ဆေးနေခြင်းဖြစ်သည်။