Popular Myanmar

အာဆီယံနဲ့ အိန္ဒိယတို့ ရေရှည်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာအောင်လုပ်ဖို့ ထပ်မံကတိပြု

အာဆီယံ (ASEAN) နဲ့ အိန္ဒိယနိုင်ငံတို့ဟာ သူတို့ရဲ့ ရေရှည်တည်တံ့နေတဲ့ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုအားကောင်းလာအောင်လုပ်ဖို့ ဗုဒ္ဓဟူးနေ့က ထပ်မံကတိပြုခဲ့ကြပါတယ်။ နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးတွေက ကုန်သွယ်ရေး၊ ဆက်သွယ်မှု၊ ရေကြောင်းလုံခြုံရေးနဲ့ ပြည်သူအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုတွေမှာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမယ့် အနာဂတ်အကြောင်းတွေကို ဆွေးနွေးခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ၃၄ နှစ်အတွင်း အာဆီယံနဲ့ အိန္ဒိယဆက်ဆံရေး တိုးတက်လာပုံကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ ပီ လာဇာရို က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ညီလာခံမှာ အသားပေးပြောကြားခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၃၄ နှစ်ကတည်းက စတင်ခဲ့တဲ့ ကျွန်မတို့ရဲ့ ဆွေးနွေးဖက်ဆက်ဆံရေးကနေစပြီး ဒီမိတ်ဖက်ဆက်ဆံရေးဟာ ဆက်တိုက်တိုးတက်လာခဲ့ပြီး အာဆီယံရဲ့ အဓိပ္ပါယ်ရှိတဲ့ ပြင်ပဆက်ဆံရေးတစ်ခု ဖြစ်လာခဲ့ပါတယ်” လို့ လာဇာရိုက ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့တာဟာ Global South နိုင်ငံတွေဖြစ်ကြတဲ့ အာဆီယံနဲ့ အိန္ဒိယအကြား တူညီတဲ့ စိန်ခေါ်မှုတွေနဲ့ ရည်မှန်းချက်တွေကို အသိအမှတ်ပြုရာရောက်တယ်လို့လည်း သူမက ထောက်ပြခဲ့ပါတယ်။

အာဆီယံ ခရီးသွားနှစ်အရ ခရီးသွားဖလှယ်မှုတွေနဲ့ လာမယ့် အာဆီယံ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုနှစ်အတွက် လုပ်ဆောင်မယ့် လတ်တလော ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေကိုလည်း လာဇာရိုက ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

ရေကြောင်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေအနေနဲ့ ကုန်သွယ်ရေး၊ အပြာရောင်စီးပွားရေး (blue economy)၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်သွယ်မှုအပိုင်းတွေမှာ အခွင့်အလမ်းတွေ ပိုချဲ့ထွင်ဖို့ အဓိကထားလုပ်ဆောင်သွားမယ်လို့ သူမက ဆိုပါတယ်။ ဒါ့အပြင် ရေနေဇီဝအရင်းအမြစ် ရှာဖွေခြင်း (marine bioprospecting)၊ ပင်လယ်ပြင် အင်ဂျင်နီယာနည်းပညာ (ocean engineering)၊ ရေကြောင်းစွမ်းအင်နဲ့ ရေကြောင်းဥပဒေစိုးမိုးရေး စတဲ့ကဏ္ဍတွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး ကြိုးပမ်းမှုတွေကနေတစ်ဆင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

“ဒါက ကျွန်မတို့ရဲ့ လက်တွေ့ကျကျ၊ ပြည်သူကိုဗဟိုပြုပြီး ဒေသနှစ်ခုလုံးအတွက် အကျိုးကျေးဇူးတွေ ဆောင်ကြဉ်းပေးမယ့် မိတ်ဖက်ဆက်ဆံရေးရဲ့ သဘောသဘာဝကို ထင်ဟပ်နေပါတယ်” လို့ လာဇာရိုက ဆိုပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာကလည်း အစည်းအဝေးကို လက်ခံကျင်းပပေးတဲ့အတွက်ရော၊ အိန္ဒိယ-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာအောင် ညှိနှိုင်းဆောင်ရွက်ပေးတဲ့နိုင်ငံအဖြစ် ပါဝင်ပေးခဲ့တဲ့အတွက်ပါ ဖိလစ်ပိုင်နိုင်ငံကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

“ကမ္ဘာကြီးက အတော်လေးကို လှုပ်ခတ်နေပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကမှ ဒီကိစ္စတွေကို တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတာ ပိုပိုပြီး သိသာလာပါတယ်” လို့ ဂျိုင်ရှန်ကာက ပြောပါတယ်။

နိုင်ငံတကာနဲ့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတဲ့ အဓိက စိန်ခေါ်မှုတွေအဖြစ် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေ၊ စွမ်းအင်လုံခြုံရေး၊ စားနပ်ရိက္ခာလုံခြုံရေးနဲ့ ကျန်းမာရေးလုံခြုံရေးအပေါ် ဖိအားတွေ ကြီးမားလာနေတာကို သူက ထောက်ပြခဲ့ပါတယ်။

“စွမ်းအင်၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးလုံခြုံရေးဆိုတာတွေကို အရင်လို ပေါ့ပေါ့တန်တန် သဘောထားလို့ မရတော့ပါဘူး” လို့ ပြောရင်း၊ ရေကြောင်းကုန်သွယ်ရေးအပေါ် မှီခိုနေရတဲ့အတွက် ပင်လယ်ရေကြောင်းလုံခြုံရေးဟာ ပိုပြီး အရေးကြီးလာတယ်လို့ သူက သတိပေးခဲ့ပါတယ်။

အာဆီယံနဲ့ အိန္ဒိယတို့ဟာ ၂၀၂၆ ခုနှစ်ကို “အာဆီယံ-အိန္ဒိယ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုနှစ်” အဖြစ် သတ်မှတ်ဖို့ ပြင်ဆင်နေကြတဲ့အတွက် နိုင်ငံတကာဥပဒေတွေကို အထူးသဖြင့် ရေကြောင်းနဲ့ပတ်သက်ပြီး လေးစားလိုက်နာဖို့ အရေးကြီးကြောင်း ဂျိုင်ရှန်ကာက အလေးထားပြောဆိုခဲ့ပါတယ်။

“ဒါဟာ ပိုမိုတည်ငြိမ်ပြီး လုံခြုံတဲ့ အနာဂတ်အတွက် ကျွန်တော်တို့ ဘာတွေလုပ်နိုင်လဲဆိုတာကို အချိန်ကိုက် သတိပေးလိုက်တာပါပဲ” လို့ သူက ဆိုပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုတွေ ရှိနေပေမယ့် အိန္ဒိယနဲ့ အာဆီယံဟာ အနာဂတ်အတွက် အကောင်းမြင်နေဆဲဖြစ်ပြီး၊ တူညီတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရင်း အခွင့်အလမ်းတွေအပေါ် အာရုံစိုက်သွားသင့်တယ်လို့ ဂျိုင်ရှန်ကာက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Popular Myanmar