Eleven Media Group

ကညင်ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်ပြီးပါက စိုက်ပျိုးရေးကဏ္ဍအပြင် အိမ်ထောင်စု တစ်သောင်းကျော် လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်မည်

ကညင်ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်ပြီးပါက စိုက်ပျိုးရေးကဏ္ဍအပြင် အိမ်ထောင်စု တစ်သောင်းကျော် လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကညင်ရေလှောင်တမံရှိ အဆိုပါစီမံကိန်းလုပ်ငန်းခွင်သို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ဇူလိုင် ၂၂ ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ထိုသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကညင် ရေလှောင်တမံ၌ ဆောင်ရွက်လျက်ရှိသည့် Kanyin ၁၀ ဒသမ ၅ မဂ္ဂါဝပ် ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံစီမံကိန်းကို Hydro Power Co.,Ltd က အကောင်အထည်ဖော်ဆောင်ရွက် နေခြင်းဖြစ်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ရောက်ရှိစဉ် Kanyin Hydro Power Co.,Ltd မှ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာတွင် ၃ ဒသမ ၅ မဂ္ဂါဝပ်ထွက်ရှိမည့် Horizontal Francis Turbine သုံးလုံးဖြင့် စုစုပေါင်း ၁၀ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်မည့် အခြေအနေနှင့် နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၅ ဒသမ ၇၇၄ သန်း ထုတ်လုပ်နိုင်မည့်အခြေအနေများ၊ နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်ထားမှုအခြေအနေများ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ၁၀ ဒသမ ၅ မဂ္ဂါဝပ် ကညင်ရေအားလျှပ်စစ်စီမံကိန်းသည် ဆည်ရေသောက် စိုက်ပျိုးရေးကို အထောက်အကူပြုရုံမျှမက လျှပ်စစ်ဓာတ်အားပါ ပေါင်းစပ်ထုတ်လုပ်နိုင်သဖြင့် စိုက်ပျိုးရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် များစွာအကျိုးပြုမည်ဖြစ်ပြီး စီမံကိန်းမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ အိမ်ထောင်စုတစ်စုလျှင် လစဉ် ၁၀၀ ယူနစ်ခန့် အသုံးပြုမည်ဟု တွက်ချက်ပါက အိမ်ထောင်စုပေါင်း ၁၀၅၀၀ ခန့်အတွက် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း တိုင်းအစိုးရသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကညင်ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် ဓါတ်အားများကို အမျိုးသားဓါတ်အားကွန်ရက်စနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ရေးအတွက် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၌ ၃၃/၆၆ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်ပြီးစီးမှုနှင့် ၆၆ ကေဗွီ မြန်အောင်-ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကိုလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ကျော်မျိုး

မူရင်းသတင်း — Eleven Media Group