








လေးမျက်နှာ၊ ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်အဖွဲ့သည် လေးမျက်နှာမြို့သို့ ရောက်ရှိပြီး ငဝန်တာနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်မှုဖြစ်စဉ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ပေးခြင်း၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ လှူဒါန်းလိုသည့်နေရာများသို့ ပို့ဆောင်ပေးခြင်း၊ တာပြန်လည်ပိတ်ဖို့ရေးလုပ်ငန်းများနှင့် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့တွင် ပါဝင်ကူညီဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသူများအနေဖြင့် အခက်အခဲများ မည်သို့ပင်ကြုံတွေ့ရစေကာမူ မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စေတနာထား၍ အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြရန် မှာကြားသည်။
ထို့ပြင် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များက သွားရောက်လှူဒါန်းလိုသည့်နေရာများသို့ လိုအပ်သည့် ပို့ဆောင်ရေးလုပ်ငန်းများကို စေတနာပါပါ၊ တာဝန်ကျေပွန်စွာဖြင့် ဆောင်ရွက်ပေးကြရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို စည်းကမ်းတကျ၊ စနစ်တကျဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
#News #Myanmar