

အထက်မင်းလှ၊ သြဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မလွန်ကျေးရွာမြစ်ကမ်းနံဘေးရှိ အိမ်ထောင်စုများအား ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးခြင်းများကို ယနေ့နံနက် ၉ နာရီက မလွန်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
မြစ်ရေဝင်ရောက်ခဲ့သည့် အိမ်ခြေ ၁၇လုံး၊ အိမ်ထောင်စု ၁၇ စုမှရေဘေးသင့်ပြည်သူ ၅၈ ဦးတို့အား ရေဘေးလွတ်ရာနေရာသို့ရွှေ့ပြောင်းခြင်းကို မြို့နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ တပ်နယ်(မလွန်)မှ တပ်ရေးအရာရှိနှင့်တပ်သားများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းတပ်ဖွဲ့ဝင်များက မလွန်ကျေးရွာရှိ ရေဘေးရှောင်စခန်းဖွင့်လှစ်ထားသည့် စာကြောစာသင်တိုက်သို့ ပြောင်းရွှေ့ပေးခဲ့ကြသည်။ လတ်တလော ရေဘေးသင့်ပြည်သူများ နေထိုင်စားသောက်ရေးအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ စီမံဆောင်ရွက်ပေးပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက ဆန်ရိက္ခာဖိုးများ ထောက်ပံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဝင်းသိန်း
#Myanmar #News