Popular Myanmar

ဗိုလ်တထောင်စေတီတော်၌ (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် ဝါတွင်းတရားပွဲများ ကျင်းပမည်

ရန်ကုန်၊ဇူလိုင်-၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် လာမည့် ဝါတွင်းသုံးလပတ်လုံး (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲနှင့် တရားပွဲများကို အပတ်စဉ် ဥပုသ်နေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တရားပွဲများကို ဇူလိုင်လ ၂၉ ရက် (ဝါဆိုလပြည့်နေ့) မှ အောက်တိုဘာလ ၂၆ ရက် (သီတင်းကျွတ်လပြည့်နေ့) အထိ စေတီတော်ရင်ပြင်ရှိ ဆိပ်ကမ်းလုပ်သားများ စုပေါင်းဓမ္မာရုံ၌ ပြုလုပ်မည်ဖြစ်သည်။

ဥပုသ်နေ့တိုင်းတွင် နံနက် ၁၀ နာရီခွဲ၌ သီလပေးတရားတော်များ နာယူခြင်း၊ မွန်းလွဲ ၁၂ နာရီခွဲနှင့် ညနေ ၃ နာရီတို့တွင် စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓရ ဆရာတော်ကြီးများနှင့် နိုင်ငံကျော် ဓမ္မကထိက ဆရာတော်ကြီးများ၏ တရားတော်များကို နာယူကြည်ညိုနိုင်မည်ဖြစ်သည်။

ထို့ပြင် ကြွရောက်လာကြမည့် အလှူရှင်များ၊ သီလရှင်/ယောဂီများနှင့် ဘုရားဖူး ပြည်သူများအတွက်လည်း ဂေါပကအဖွဲ့နှင့် အလှူရှင်များ စုပေါင်း၍ အာဟာရဒါနများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar