Popular Myanmar

ရန်ကုန်မြို့တွင် MSME One Stop Service ရုံးဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME One Stop Service ရုံးဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၁ ရက်၊ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ အမှတ် (၃၅) အဆိုပါရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ MSME Agency အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

One Stop Service ရုံးကို နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်နှင့်အညီ MSME လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းပေးရန်နှင့် ဌာနဆိုင်ရာဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် (Single Window Service) အလွယ်တကူရရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးသော်က ပြောကြားခဲ့သည်။

ယခုရုံးမှတစ်ဆင့် လုပ်ငန်းမှတ်ပုံတင်နှင့် လိုင်စင်ဆိုင်ရာ ဝန်ဆောင်မှုများ၊ ချေးငွေနှင့် ငွေကြေးဆိုင်ရာ အကြံပေးချက်များ၊ နည်းပညာနှင့် အရည်အသွေးစံချိန်စံညွှန်း အသိအမှတ်ပြုလက်မှတ်များ၊ သင်တန်းများနှင့် ဈေးကွက်ချိတ်ဆက်မှုများနှင့် အခြားလိုအပ်သော အစိုးရဝန်ဆောင်မှုများကို ပိုမိုလွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံ၏ စီးပွားရေးအချက်အချာဖြစ်သည့်အတွက် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် တိုင်းဒေသကြီး၏ စီးပွားရေးသာမက နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော အင်အားတစ်ရပ်ဖြစ်ကြောင်း၊ ရုံးဝန်ထမ်းများအနေဖြင့် ဝန်ဆောင်မှုပေးရာတွင် မြန်ဆန်မှု၊ မှန်ကန်မှု၊ ပွင့်လင်းမြင်သာမှုနှင့် လုပ်ငန်းရှင်ဗဟိုပြုဝန်ဆောင်မှုစနစ်များကို အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရ၊ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် MSME လုပ်ငန်းရှင်များအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာမျိုးသော်က တိုက်တွန်းပြောကြားသည်။

ထို့နောက် MSME One Stop Service ရုံးကို ရန်ကုန်တိုင်းဒေသကြီး MSME Agency ဥက္ကဌ ဒေါက်တာမျိုးသော် နှင့်အတူ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

မူရင်းသတင်း — Popular Myanmar