တရုတ်အပါအဝင် အာရှနှင့် ဥရောပနိုင်ငံများသို့ မြန်မာ့ကောက်ညှင်းဆန် ဆက်လက်တင်ပို့လျက်ရှိ
ရန်ကုန်၊ ဇူလိုင် ၂၄
လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် မြန်မာ့ကောက်ညှင်းဆန်ကို တရုတ်နိုင်ငံက Blacklist လုပ်ထားသည် ဆိုသည့် ဖော်ပြချက်များမှာ မမှန်ကန်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ရှင်းလင်းခဲ့သည်။
MRF ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ကောက်ညှင်းဆန်နှင့် ကောက်ညှင်းဆန်ကွဲများကို တရုတ်နိုင်ငံအပြင် ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ ပြင်သစ်၊ ဆိုက်ပရပ်စ်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံများသို့ နှစ်စဉ်ပုံမှန် တင်ပို့လျက်ရှိကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ သုံးလအတွင်း တရုတ်နိုင်ငံသို့ ကောက်ညှင်းဆန် တန်ချိန် ၂,၆၀၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖိုး ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁,၂၃၅,၉၃၃ ကို အမေရိကန်ဒေါ်လာ ၃၉၄ သန်းဖိုး ဝယ်ယူခဲ့ကြောင်း သိရသည်။
MRF က ပြည်ပသို့ ဆန်တင်ပို့ရာတွင် နိုင်ငံတကာအသိအမှတ်ပြု Third Party Inspection အဖွဲ့များနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် CCIC ၏ အရည်အသွေး၊ အလေးချိန်နှင့် ရူပ၊ ဓာတုဆိုင်ရာ စစ်ဆေးမှုများ ပြီးစီးမှသာ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။
ထို့အပြင် ပြည်ပတင်ပို့မှုများကို ရောင်းသူ၊ ဝယ်သူ နှစ်ဖက်သဘောတူစာချုပ်များ၊ အရည်အသွေးလက်မှတ်များနှင့် နိုင်ငံတော်၏ Pre-shipment နှင့် Post-shipment Inspection လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း အသင်းချုပ်က ဆိုသည်။
MRF အနေဖြင့် တန်းမြင့်ဆန်များ ထုတ်လုပ်တင်ပို့နိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဆန်တင်ပို့မှုဆိုင်ရာ အချက်အလက်များကို လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်းနှင့် ဆန်တင်ပို့မှုနှင့်ပတ်သက်သည့် သတင်းများ ရေးသားဖော်ပြရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အတည်ပြုစစ်ဆေးပြီးမှ သတင်းမှန်၊ အခြေအနေမှန်များကို ဖော်ပြပေးကြရန် တိုက်တွန်းထားသည်။
photo: MRF