Popular Myanmar

SCO နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြင်ပတွင် တရုတ်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

ချိုလ်ပွန်အာတာ (ကာဂျစ္စတန်)၊ ဇူလိုင် ၂၆

ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိက မေလအတွင်း ပေကျင်းမြို့၌ ကျင်းပခဲ့သော နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံမှုသည် တရုတ်-ရုရှား ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ရုရှား ချစ်ကြည်ရေးနှင့် အိမ်နီးချင်းကောင်းဆက်ဆံရေးစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် (၂၅) နှစ်မြောက်နှစ်ပတ်လည်နှင့် SCO တည်ထောင်ခြင်း (၂၅) နှစ်မြောက် အထိမ်းအမှတ်နှစ်ဖြစ်ကြောင်း ဝမ်ယိက ပြောကြားပြီး အဆိုပါစာချုပ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးအတွက် စံနမူနာသစ်တစ်ရပ် ဖြစ်လာစေရန် လမ်းညွှန်ပေးခဲ့ကြောင်း ဆိုသည်။

ဝမ်ယိက SCO သည် နိုင်ငံတကာတွင် သြဇာလွှမ်းမိုးမှု တိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့တည်ငြိမ်ရေးအတွက် အရေးပါသည့် အင်အားစုတစ်ရပ် ဖြစ်လာခဲ့ကြောင်း ပြောကြားပြီး နှစ်နိုင်ငံအနေဖြင့် အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ပံ့ပိုးကာ “ရှန်ဟိုင်းစိတ်ဓာတ်” ကို လက်ကိုင်ထား၍ ကမ္ဘာ့အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးနှင့် လူသားမျိုးနွယ်အတွက် ဘုံအနာဂတ်ရှိသော အသိုက်အဝန်းတည်ဆောက်ရေးကို အားပေးသင့်ကြောင်း တိုက်တွန်းခဲ့သည်။

ထို့ပြင် တရုတ်နှင့် ရုရှားတို့အနေဖြင့် မဟာဗျူဟာမြောက် ပူးပေါင်းညှိနှိုင်းမှုကို ပိုမိုအားကောင်းစေသင့်ကြောင်း၊ ဒုတိယကမ္ဘာစစ်၏ ရလဒ်များကို ထိန်းသိမ်းကာ ဂျပန်နိုင်ငံအား စစ်အင်အားပြန်လည်တိုးချဲ့ခွင့် မပြုသင့်ကြောင်းလည်း ဝမ်ယိက ပြောကြားခဲ့သည်။

ဝမ်ယိက လာမည့်စက်တင်ဘာလတွင် ကျင်းပမည့် ရုရှားဒူးမားလွှတ်တော် ရွေးကောက်ပွဲ အောင်မြင်စေရန် ဆုမွန်ကောင်းတောင်းခဲ့ပြီး ရုရှားပြည်သူများ၏ လွတ်လပ်သော ရွေးချယ်ပိုင်ခွင့်ကို တရုတ်နိုင်ငံက ထောက်ခံကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် APEC ၏ “တရုတ်နှစ်” အခမ်းအနားများကို ရုရှားနိုင်ငံက ဆက်လက်ထောက်ခံပေးရန် မျှော်လင့်ကြောင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံစုံမူဘောင်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က ထိပ်သီးသံတမန်ရေးသည် ရုရှား-တရုတ် ဆက်ဆံရေးကို မောင်းနှင်သည့် အရေးပါသောအင်အားဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဗလာဒီမာပူတင်၏ ယခုနှစ် တရုတ်နိုင်ငံခရီးစဉ်နှင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ မကြာခဏတွေ့ဆုံမှုများကြောင့် ရုရှား-တရုတ် ဆက်ဆံရေးမှာ အဆင့်သစ်များသို့ ဆက်လက်တိုးတက်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ဗရော့ဗ်က တရုတ်နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တု (AI) ညီလာခံ အောင်မြင်စွာကျင်းပနိုင်မှုကို ဂုဏ်ပြုခဲ့ပြီး ရုရှားနိုင်ငံသည် ကမ္ဘာ့ AI ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းတွင် ပါဝင်ထားပြီးဖြစ်သဖြင့် ယင်းပလက်ဖောင်းမှတစ်ဆင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံ၏ စစ်အင်အားတိုးချဲ့မှုနှင့် နျူကလီးယားလက်နက် စွမ်းရည်ရရှိရန် ကြိုးပမ်းမှုများကို ရုရှားနိုင်ငံက အနီးကပ်စောင့်ကြည့်နေပြီး ပြင်းထန်စွာ ကန့်ကွက်ကြောင်းလည်း လက်ဗရော့ဗ်က ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးသည် ကုလသမဂ္ဂ၊ APEC၊ G20၊ BRICS နှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်များအတွင်း မဟာဗျူဟာမြောက် ပူးပေါင်းညှိနှိုင်းမှုများ ပိုမိုအားကောင်းစေရေးနှင့် နိုင်ငံတကာ၊ ဒေသတွင်း အရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ref: Xinhua

မူရင်းသတင်း — Popular Myanmar