
■ အဂတိလိုက်စားမှု၊ တရားမဝင်ကုန်သွယ်မှုများ တွေ့ရှိလျှင် ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိဟု ဒုဝန်ကြီး ဖြေကြား
သီပေါတံတား ပိတ်ထားသည့်နောက်ကွယ်တွင် ကျပ်သိန်းပေါင်း ထောင်ချီသည့် တရားမဝင်ကုန်သွယ်မှုများနှင့် အဂတိလိုက်စားမှုများကို မည်သို့တားဆီးအရေးယူမည်နည်းဟု သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံက လွှတ်တော်တွင် မေးမြန်းခဲ့သည်။
ဇူလိုင် ၂၈ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့တွင် သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံက "သီပေါတံတားအား မည်သို့မည်ပုံစည်းစနစ်ဖြင့် ဒေသခံပြည်သူများ၊ ဒေသတွင်း ကား၊ ဒေသအတွင်း ကုန်စည်စီးဆင်း ဖြတ်သန်းသွားလာခွင့်ပြုပေးနိုင်ပါရန် အစီအစဉ်ရှိ မရှိ" မေးခွန်းနှင့်ပတ်သက်၍ ဆက်စပ်မေးခွန်းကို ထပ်မံမေးမြန်းရာတွင် အထက်ပါအချက်ကို ထည့်သွင်းမေးမြန်းခဲ့ခြင်းလည်းဖြစ်သည်။
"စောစောက ဝန်ကြီးပြောသွားသလို လုံခြုံရေးအရ ဆောင်ရွက်မှုကိုလည်း ကျွန်တော့်အနေနဲ့ နားလည်ပါတယ်။ ဒါပေမဲ့ ဒီတံတားပိတ်ထားခြင်းရဲ့ နောက်ကွယ်က လူတစ်စုကောင်းစားရေးနဲ့ တရားမဝင်ကုန်သွယ်မှု။ နိုင်ငံတော်သမ္မတကြီးလည်း အမြဲပြောနေတဲ့ တရားမဝင်ကုန်သွယ်မှု။ စောစောက ကျွန်တော်တို့ တင်ပြသွားတာ တစ်နေ့ကို သိန်းပေါင်း ၃၆၀၀ ဒီလိုမျိုးဖြစ်စဉ်တွေ၊ လှေဆိပ်ဆို တစ်နေ့ကို သိန်းပေါင်း ၁၈၀ တံတားပိတ်ထားတယ်ဆိုရင် ကျန်တဲ့အပေါက်တွေလည်း ပိတ်ထားရမှာပဲဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ တရားမဝင်ကုန်သွယ်မှုတွေ၊ အဂတိလိုက်စားမှုတွေနဲ့ ရာဇဝတ်မှုတွေကို ဘယ်လိုတားဆီးအရေးယူမလဲ"ဟု ဦးကောင်းသက်စံက မေးမြန်းခဲ့သည်။
ဆက်လက်၍ ၎င်းက "ဒီတံတားပိတ်ပြီးတဲ့နောက်မှာ ကိစ္စကြီးသုံးခုဖြစ်သွားတယ်။ နံပါတ်တစ်က အဂတိတရားပါ။ နံပါတ်နှစ်က တရားမဝင်ကျားဖျန့် ဒီတရားမဝင်လမ်းကြောင်းကနေ ဝင်သွားတယ်။ ကျွန်တော်တို့ သိရဲ့သားနဲ့ မဖမ်းနိုင်ခဲ့ဘူး။ သုံးက ဒေသတွင်းမှာ တရားမဝင်လက်နက်ရောင်းဝယ်မှုတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပထမမေးခွန်းအနေနဲ့ တရားမဝင်ကုန်သွယ်မှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ အဂတိလိုက်စားမှုတွေနဲ့ ရာဇဝတ်မှုတွေကို ဘယ်လိုတားဆီးအရေးယူနိုင်ပါသလဲ။ ဒုတိယတစ်ချက်က ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ အခြေအနေတွေ။ ဝန်ကြီးဌာနတွေ ကျွန်တော်သွားလိုက်တယ်ဆိုရင် ဟိုဖက်ကမ်းကို ကျွန်တော်တို့ လုပ်ပေးလို့ မရဘူး။ တံတားပိတ်ထားတယ်။ ဒါ လုံးဝလုပ်ပေးလို့ မရပါဘူးဆိုပြီး ကျွန်တော်တို့ရဲ့ ဥပဒေပြုမဏ္ဍိုင်ပေါ်မှာ ထိခိုက်လာမှုတွေ၊ လွှတ်တော်ကိုယ်စားလှယ်အပေါ်မှာ ထိခိုက်လာမှုတွေ ကျွန်တော်တို့တွေ ဘယ်လိုဆက်လက်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ထားပါလဲ။ အရေးပေါ်အခြေအနေဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဖယ်ရှားပြီး ပုံမှန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးစနစ်ကို ယခင်အတိုင်း နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအတိုင်း ပြန်လည် လည်ပတ်နိုင်အောင် မည်သည့်အစီအစဉ်များ ချမှတ်ထားပါသလဲဆိုတာကို သိရှိလိုပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးကနေတစ်ဆင့် လေးစားစွာဖြင့် မေးမြန်းတင်ပြအပ်ပါတယ်"ဟု ဆက်စပ်မေးခွန်းကို မေးမြန်းခဲ့သည်။
ဆက်စပ်မေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားရာတွင် အဂတိလိုက်စားမှု၊ တရားမဝင်ကုန်သွယ်မှုများ တွေ့ရှိလျှင် ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
"လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောကြားချက်မှာ ပါသလို တရားမဝင်ကုန်သွယ်မှုတွေနဲ့ပတ်သက်တဲ့ ဥစ္စာတွေ၊ အဂတိတရားနဲ့ လိုက်စားတဲ့ဥစ္စာတွေ ဒီအပေါ်မှာလည်း ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်ကြီး အပါအဝင် ပြည်သူလူထုဆီက တင်ပြထားတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီးတော့ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်တာတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးတော့မှ လုံခြုံရေးအဖွဲ့အစည်းတွေက ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအပေါ်မှာ အဂတိလိုက်စားမှု၊ တရားမဝင်ကုန်သွယ်မှုတွေ တွေ့ရှိတယ်ဆိုရင်လည်း ထိရောက်စွာ အရေးယူဆောင်ရွက်တာမျိုးကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်"ဟု ဒုတိယဝန်ကြီးက ဖြေကြားသည်။
ပြည်သူ့ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် လိုအပ်ချက်နှင့်ပတ်သက်၍လည်း တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်ရာတွင် လုံခြုံရေးအဖွဲ့အစည်းများချည်း ပေါင်းစပ်၍ တစ်ခုတည်း ဆောင်ရွက်၍ မရကြောင်း၊ သက်ဆိုင်ရာ ဒေသခံပြည်သူများကလည်း သက်ဆိုင်ရာနယ်မြေရှိ TNLA ၊ MNDAA အပါအဝင် သောင်းကျန်းသူအဖွဲ့များ၊ PDF အဖွဲ့များ၏ သတင်းများကို လုံခြုံရေးအဖွဲ့ထံ ပေးရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။
"သောင်းကျန်းသူအမြစ်ဖြတ်ချေမှုန်းရေးအတွက်ကို ပြည်သူပါမှ အောင်မြင်မှာဖြစ်တဲ့အတွက် ပြည်သူတွေကလည်း သောင်းကျန်းသူလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေကို တင်ပြပြီး ဆောင်ရွက်သွားမယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြခဲ့တဲ့အချက်တွေဟာ တစ်ဆင့်ပြီးတစ်ဆင့် အစိုးရအဖွဲ့ကနေပြီးတော့မှ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ညွှန်ကြားပြီးတော့မှ ဆောင်ရွက်နိုင်မယ့်ကိစ္စရပ်ဖြစ်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဖြေကြားပြန်ကြားအပ်ပါတယ်"ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။