Eleven Media Group

■ စံချိန်တင် မိုးနည်းပါးမှုနှင့် ထူးထူးခြားခြားအပူချိန် မြင့်မားမှုများကြောင့် အင်္ဂလန်၏တဝက်ကျော် မိုးခေါင်နေသည်ဟု ယူကေအစိုးရထုတ်ပြန်

စံချိန်တင် မိုးနည်းပါးမှုနှင့် ထူးထူးခြားခြားအပူချိန် မြင့်မားမှုများကြောင့် အင်္ဂလန်၏ဝက်ကျော်ကို မိုးခေါင်နေသည်ဟုကြေညာကြောင်း ယူကေအစိုးရက ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အစိုးရ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ၏ထုတ်ပြန်ချက်အရ ယခုဇူလိုင်လသည် စံချိန်တင် အခြောက်သွေ့ဆုံး ဇူလိုင်လ ဖြစ်လာဖွယ်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခန့်မှန်းထားသည့် မိုးရေချိန်၏ ခုနစ်ရာခိုင်နှုန်းသာ ရွာခဲ့ကြောင်း၊ အင်္ဂလန်တောင်ပိုင်း၏ဒေသအချို့တွင် တစ်ရာခိုင်နှုန်းသာ မိုးရွာခဲ့ကြောင်း သိရသည်။

ထို့အပြင် ဗြိတိန်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း စတုတ္ထအကြိမ်မြောက် အပူလှိုင်းဖြတ်သန်းမှုကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လော‌လောလတ်လတ် ရင်ဆိုင်နေရသည်။

မိုးနည်းပါးမှုနှင့် ပူပြင်းသည့် အပူချိန်များ ပေါင်းစပ်ကာ လျင်မြန်စွာ ဖြစ်ပေါ်လာသည့် မိုးခေါင်မှုကို"လျင်မြန်သည့်မိုးခေါင်မှု"အဖြစ်ဖော်ပြကြပြီး နှစ်ကြိမ်ဆက် ‌နွေရာသီဖြစ်ခဲ့သော အင်္ဂလန်၏ဒေသများသည် မိုးခေါင်မှုကို ကြုံတွေ့နေရသည်ဟု ဆိုသည်။

"မြစ်ချောင်းတွေမှာ ရေနည်းပါးလာတယ်။တောင်သူတွေဟာသီးနှံတွေကို စောစော ရိတ်သိမ်းနေကြရတယ်။ တောမီးလောင်ကျွမ်းမှု အန္တရာယ် မြင့်တက်လာသလို လူသန်းပေါင်းများစွာဟာ ရေသုံးစွဲမှု ကန့်သတ်ချက်တွေနဲ့နေထိုင်နေကြရပါတယ်" ဟု အဆိုပါ အေဂျင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref:AFP
AFP photos

မူရင်းသတင်း — Eleven Media Group