Myanmar National Post

လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေ ဇက်ရေယာဉ်များ ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး






ကမမောင်း၊ သြဂုတ် ၁၃

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေတို့သည် တာဝန်ရှိသူများနှင့်အတူ မြိုင်ကြီးငူ အထူးဒေသနှင့် ကမမောင်းမြို့ အမှတ် (၂) ရပ်ကွက် အုန်းတောကူးတို့ဇက်ဆိပ်သို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် ခရီးသွားများ သွားလာရေးအဆင်ပြေချောမွေ့စေရန် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဇက်ဆိပ် အတတ်/အဆင်းနေရာများအား ယမန်နေ့နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုသည်။

ထို့သို့စစ်ဆေးရာတွင် ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့်အဖွဲ့သည် ဇက်ရေယာဉ်ပေါ်သို့ တက်ရောက်၍ ရေယာဉ်၏ ကြံ့ခိုင်မှုအခြေအနေများ၊ ရေလမ်းကြောင်းအန္တရာယ်ကင်းရှင်းရေး စီမံဆောင်ရွက်ထားရှိမှုနှင့် ကူးတို့ဇက်ဆိပ် အတက်/အဆင်းလမ်းကြောင်းများ ပြုပြင်ထိန်းသိမ်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ရေဘေး/ရေကြောင်းအန္တရာယ်များ မဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ဖာပွန်မြို့နယ်၊ ကမမောင်း ကိုးနဝင်းဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် (၄/၂၀၂၆) လ မှ (၆/၂၀၂၆) လအထိ (၃) လစာလှူဒါန်း ငွေကျပ် ၉,၀၀၀,၀၀၀/- (ကျပ်သိန်းကိုးဆယ်တိတိ) ကိုလည်း တာဝန်ရှိသူများက စနစ်တကျ လွှဲပြောင်းလှူဒါန်းပေးခဲ့သည်။

ထို့အတူ ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ညစာကျက်ချိန်တွင် လျှပ်စစ်မီး လုံလောက်စွာ ရရှိစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး၏ ရန်ပုံငွေဖြင့် ဆိုလာမီးများ တပ်ဆင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေနှင့်တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ် နိုင်ရေးနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် အရေးပေါ်အသက် ကယ်လှေများ၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ၊ အသက်ကယ်အကျီများ၊ ကယ်ဆယ်ရေးကြိုးများ စနစ်တကျပြင်ဆင်ထားရှိမှု၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ တပ်ဖွဲ့စုဖွဲ့ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ကမမောင်းမြို့ သံလွင်ဦးမြို့မဈေးသို့ သွားရောက်ကာ ဈေးကော်မတီများတွေ့ဆုံပြီး ပျံကျဈေးအဆင့်မြှင့်တင်ဆောက်လုပ်နိုင်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ပြောကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနဲ့ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရှိရပါသည်၊၊

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေသည် ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ ဖာပွန်ခရိုင်၊ မြို့နယ်နှင့် ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် ဌာနဆိုင်ရာ လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းတစ်ဦးလျှင် ကြက်ဥ (၁၀) လုံး၊ စားအုန်းဆီ (၁) လီတာ၊ ခေါက်ဆွဲခြောက် (၁၀) ထုတ်နှုန်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်းရွှေနှင့်အဖွဲ့သည် အခြေခံပညာအလယ်တန်းကျောင်း(အုန်း တော) သို့ သွားရောက်၍ ယာယီကျောင်းဆောင်အတွင်း ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post