Myanmar National Post

ပခုက္ကူမြို့နယ်၌ ရေဘေးသင့်ပြည်သူအိမ်ထောင်စု ၄၇၆စု၊ လူဦးရေ၁၉၉၈ဦးရှိလာသောကြောင့် ကယ်ဆယ်ရေးစခန်း၈ခုအထိ တိုးမြှင့်ဖွင့်လှစ်ထားရှိ






ပခုက္ကူ၊ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်အိမ်ထောင်စု ၄၇၆စု၊ လူဦးရေ ၁၉၉၈ဦးရှိရာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း၈ခုအထိ တိုးမြှင့်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ဩဂုတ်လ၁၂ရက် မွန်းလွဲပိုင်းအထိ ဧရာတီမြစ်ရေစိုးရိမ်ရေမှတ်ထက်ကျော်လွန်ရောက်ရှိနေဆဲဖြစ် သောကြောင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့မှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်းပြီး ကျောက်စေတီဘုရားဝင်း၊ အ.မ.က(၁၅)နှင့်အ.မ.က(၁၆) စာသင်ကျောင်း၊ သီဟိုဠ်ရှင်ဘုရားတန်ဆောင်း၊ သီဟိုဠ်ရှင်ကဇာတ်ရုံခန်းမ၊ ဆိုင်ကလုန်ရှက်တာ၊ လောကမာရ်ကင်းဘုရားဝင်း၊ ဆင်လမ်းဘုန်းတော်ကြီးကျောင်းနှင့်မြစ်ရေတင်တာဘောင် စသည့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၈)နေရာဖွင့်လှစ်ထားပြီး မြစ်ရေဝင်ရောက်သည့် အမှတ်(၁၊၉၊၁၀၊၁၃၊၁၄)ရပ်ကွက်များနှင့် ကျွဲတဲကျေးရွာအုပ်စု၊ ကုက္ကိုလှကျေးရွာအုပ်စု၊ လယ်ယာကျေးရွာ အုပ်စုများရှိ ‌ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၄၇၆စု၊ လူဦးရေ ၁၉၉၈ဦးတို့အား ကူညီပြောင်းရွှေ့ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုများအလိုက် အရေးပေါ်သုံးထောက်ပံ့ပစ္စည်းများ၊ ဆန်ရိက္ခာဖိုးနှင့် အခြေခံစားသောက်ဖွယ်ရာများပေးအပ်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးကြသည်။ 

ဘာမီသာ(ပခုက္ကူ)

#Myanmar #News

မူရင်းသတင်း — Myanmar National Post