Myanmar National Post

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပခုက္ကူမြို့ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်






ပခုက္ကူ၊ ဩဂုတ် ၁၃ 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပခုက္ကူမြို့ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ဩဂုတ်လ ၁၃ရက် မွန်းလွဲပိုင်းက အမှတ်(၁)ရပ်ကွက်၊ ကျောက်စေတီဘုရားဝင်းရေဘေးရှောင်ကယ်ဆယ်ရေးစခန်း၌ ကျင်းပ ပြုလုပ်သည်။

ပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်တီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦးတို့က ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်း များပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍  ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်တီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်တီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များက ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်နှင့်အမှတ်(၁၀)ရပ်ကွက်များရှိ ရေဘေးသင့်အိမ်ထောင်စု(၁၆၀)စု၊ လူဦးရေ(၆၄၄)ဦးတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်လေးပြည်၊ ဆီ ၂၅ကျပ်သား၊ ကြက်ဥ ၁၀လုံး၊ ခေါက်ဆွဲခြောက် ငါးထုပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ပခုက္ကူမြို့နယ်တွင် ဧရာတီမြစ်ရေစိုးရိမ်ရေမှတ်ထက်ကျော်လွန်မြင့်တက်ဆဲဖြစ်သဖြင့် အမှတ်(၁၊၉၊၁၀၊၁၃၊၁၄)ရပ်ကွက် များနှင့် ကျွဲတဲကျေးရွာအုပ်စု၊ ကုက္ကိုလှကျေးရွာအုပ်စု၊ လယ်ယာကျေးရွာအုပ်စုများရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်မှု ကြောင့် ကျောက်စေတီဘုရားဝင်း၊ အ.မ.က(၁၅)နှင့်အ.မ.က(၁၆)စာသင်ကျောင်း၊ သီဟိုဠ်ရှင်ဘုရားတန်ဆောင်း၊ သီဟိုဠ်ရှင် ကဇာတ်ရုံခန်းမ၊ ဆိုင်ကလုန်ရှက်တာ၊ လောကမာရ်ကင်းဘုရားဝင်း၊ ဆင်လမ်းဘုန်းတော်ကြီးကျောင်းနှင့်မြစ်ရေတင်တာဘောင် နေရာများတွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၄၉၃စု၊ လူဦးရေ ၂၀၄၉ဦး တို့အား ကူညီပြောင်းရွှေ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ အရေးပေါ်သုံးထောက်ပံ့ပစ္စည်းများ၊ ဆန်ရိက္ခာဖိုးနှင့် အခြေခံစားသောက်ဖွယ်ရာများပေးအပ်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#News #Myanmar


မူရင်းသတင်း — Myanmar National Post