
AA အဖွဲ့ဝင် ၂၀ ဦးနှင့် PDF အဖွဲ့ဝင် ၁၂ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ၄ ဦး၊ မင်းပြားမြို့နယ်မှ ၁ ဦး၊ သံတွဲမြို့နယ်မှ ၆ ဦး၊ ရမ်းဗြဲမြို့နယ်မှ ၁ ဦး၊ မြေပုံမြို့နယ်မှ ၂ ဦး၊ တောင်ကုတ်မြို့နယ်မှ ၁ ဦး၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှ ၁ ဦး၊ လေးမျက်နှာမြို့နယ်မှ ၁ ဦး၊ စုစုပေါင်း AA အဖွဲ့ဝင် အမျိုးသား ၂၀ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့ နယ်မှ ၂ ဦး၊ ပုသိမ်မြို့နယ်မှ ၂ ဦး၊ ဓနုဖြူမြို့နယ်မှ ၂ ဦး၊ လေးမျက်နှာမြို့နယ်မှ ၃ ဦး၊ အင်္ဂပူမြို့နယ်မှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ ၁ ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၁ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁ ဦး တို့ကိုကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ဇူလိုင် ၂၉ ရက်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါလာသည့် MA-1 အမျိုးအစားမောင်းပြန်ရိုင်ဖယ် ၂ လက်၊ MA-2 အမျိုးအစားမောင်းပြန်ရိုင်ဖယ် ၁ လက်၊ BA-63 မောင်းပြန်ရိုင်ဖယ် ၂ လက်၊ Type-81 အမျိုးအစား ၅ လက်၊ M-22 အမျိုးအစား မောင်းပြန်ရိုင်ဖယ် ၁ လက်၊ LM-16 ပါရီ စက်လတ် ၁ လက်၊ AK-47 အမျိုးအစားမောင်းပြန်ရိုင်ဖယ် ၁ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၁၃ လက်၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံး၊ ကျည်မျိုးစုံ (၄၅၆) တောင့်နှင့် ကျည်အိမ်မျိုးစုံ (၂၀) ခုတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား သေနတ် ၁ လက်လျှင် ဆုကြေးငွေ ကျပ်သိန်း (၅၀) နှုန်းဖြင့် သေနတ် ၁၃ လက်အတွက် ကျပ်သိန်း ၆၅၀ ကျပ်၊ လက်ပစ်ဗုံး (၆) လုံးအတွက် ဆုကြေးငွေ ၁၈ သိန်းကျပ်နှင့် အလင်းဝင်ရောက်လာသူ ၁ ဦးလျှင် ၃ သိန်းကျပ်နှုန်းဖြင့် ၃၂ ဦးအတွက် ၉၆ သိန်းကျပ် စုစုပေါင်းချီးမြှင့်ငွေ ကျပ်သိန်း (၇၆၄) သိန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။