Eleven Media Group

■ ကလေး-တမူး လမ်းကြောင်းပေါ်ရှိ တမူးမြို့နယ်၊ ဘုတ်ကန်စံပြကျေးရွာအား တပ်မတော်စစ်ကြောင်းများက ထပ်မံသိမ်းပိုက်ရရှိ

ကလေး-တမူး လမ်းကြောင်းပေါ်ရှိ တမူးမြို့နယ်၊ ဘုတ်ကန်စံပြကျေးရွာအား တပ်မတော်စစ်ကြောင်းများက ထပ်မံသိမ်းပိုက်ရရှိကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရန် အကြမ်းဖက်များ ယာယီစိုးမိုးထားသည့် မြို့/ရွာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter Terrorism Operation) လုပ်ငန်းများ၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကလေး-တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများသည် စစ်ကြောင်းများခွဲ၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာနှင့် အဆိုပါ ဒေသတစ်ဝိုက်အထိအားလည်းကောင်း၊ ကလေးမြို့ဘက်မှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ကလေး-တမူးလမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများအား တစ်ခုပြီးတစ်ခု အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာဟောင်းတို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများသည် ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးတို့အတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၈ ရက်ညနေပိုင်းတွင် ထင်းဇင်ရွာ၏ မြောက်ဘက် မီတာ ၆၂၀၀ ခန့်အကွာရှိ ဘုတ်ကန်စံပြကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်များအနေဖြင့် ကျေးရွာအတွင်း ယာယီအခြေပြုနေထိုင်ခဲ့စဉ် ကာလအတွင်း ဒေသခံပြည်သူများ၏ နေအိမ်များအတွင်းမှ စားရေရိက္ခာနှင့်အသုံးဆောင် ပစ္စည်းများ၊ စည်းစိမ်ဥစ္စာများနှင့်တန်ဖိုးကြီးပစ္စည်းများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျပြီး အတင်းအဓမ္မယူဆောင်အသုံးပြုခြင်း၊ နေအိမ်အဆောက်အအုံများအတွင်း ပစ်ကျင်းများ၊ ဘန်ကာများပြုလုပ်၍ ခံစစ်စခန်းများ ပြုလုပ်ထားခြင်း၊ တိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းနှင့် ဌာနဆိုင်ရာအဆောက်အအုံများအားဖျက်ဆီးခြင်း၊ ၎င်းတို့ကို မထောက်ခံသည့်ဒေသခံများကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နေအိမ်၊ အဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လမ်းတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး စသည့်လူမှုစီးပွားဘဝများ အမြန်ဆုံးပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဒေသခံများ မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group