Eleven Media Group

▪ အသက် ၇၀ နှစ်နှင့်အထက် အမယ်အိုကြီးများ မိသားစုပင်စင်လစာထုတ်ယူရန်အတွက် နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံစာလိုအပ်ချက်အား ပယ်ဖျက်ပေးနိုင်ခြင်းရှိ မရှိ လွှတ်တော်ကိုယ်စားလှယ် မေးမြန်း

▪ယင်းသတ်မှတ်ချက်သည် တည်ဆဲဥပဒေ နည်းဥပဒေများနှင့်အညီ စိစစ်တောင်းခံခြင်းဖြစ်ပြီး မိသားစုပင်စင်ခံစားခွင့်ရှိသူဦးရေ မှန်ကန်စေရေးနှင့် နိုင်ငံ့ဘဏ္ဍာ လေလွင့်ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ခြင်းဖြစ်ဟု ဒုဝန်ကြီး ပြောကြား

အသက် ၇၀ နှစ်နှင့်အထက် အမယ်အိုကြီးများ မိသားစုပင်စင်လစာထုတ်ယူရန်အတွက် နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံစာလိုအပ်ချက်အား ပယ်ဖျက်ပေးနိုင်ခြင်းရှိ မရှိ မွန်ပြည်နယ် အမျိုးသားးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၉) ဦးစိုးမင်းစမ်းက ယနေ့ (ဇူလိုင် ၃၀ ရက်) ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မေးမြန်းသည်။

မိသားစုပင်စင်လစာအား ထုတ်ယူလျက်ရှိသော အမျိုးသမီးများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံမှ နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံစာအား ၆ လ တစ်ကြိမ် ရယူပြီး မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူများထံ ပြသပြီးမှသာ ပင်စင်လစာအား ထုတ်ယူခွင့်ရရှိကြသည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

အဆိုပါကိစ္စတွင် မိသားစုပင်စင်ထုတ်ယူနေသော ငယ်ရွယ်သည့်အမျိုးသမီးများနှင့် လူလတ်ပိုင်းအရွယ်အမျိုးသမီးများအတွက် မှန်ကန်သင့်တော်သည့် အခြေအနေတွင်ရှိသော်လည်း အသက် ၇၀ နှစ်နှင့်အထက် အမယ်အိုကြီးများမှ မိသားစုပင်စင်လစာထုတ်ယူရန်အတွက် နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံစာလိုအပ်ချက်အား ပယ်ဖျက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က မေးမြန်းသည်။

မြန်မာအမျိုးသမီးများသည် ယဉ်ကျေးမှုဓလေ့ထုံးစံအရ မူလကပင် အရှက်အကြောက်ကြီးတတ်သူများ ဖြစ်ကြပါကြောင်း၊ အသက် ၇၀ နှစ်နှင့်အထက် အသက်အရွယ်ရှိ အမျိုးသမီးကြီးများသည် ၎င်းတို့အသက်အရွယ်ဖြင့် နောက်အိမ်ထောင်မပြုကြောင်းထောက်ခံစာအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် သွားရောက်ယူရန်အတွက် ၆ လ တစ်ကြိမ်ရောက်တိုင်း တွန့်ဆုတ်လျက်ရှိသည်ကိုလည်း တွေ့မြင်သိရှိနေရကြောင်း ၎င်းက ပြောကြားသည်။

မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာအရလည်း အသက် ၇၀ နှစ်နှင့်အထက်ရှိ အမယ်အိုများသည် နောက်ထပ် တစ်အိုးတစ်အိမ်ထူထောင်ရန်ဆိုသည်မှာလည်း ဖြစ်နိုင်ချေမရှိသည့်အချက်တစ်ခုပင်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့ဖြစ်ပါ၍ အသက် ရဝ နှစ်နှင့်အထက် အမယ်အိုများအတွက် အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့်အသက်အရွယ်အား ထောက်ထားငဲ့ညှာသောအားဖြင့် ထိုအမယ်အိုများ ပင်စင်လစာထုတ်ယူရာတွင် နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံချက်လိုအပ်နေမှုအား ပယ်ဖျက်ပေးနိုင်ခြင်းရှိ မရှိ သိရှိလိုပါကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းစမ်းက ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းသည်။

ထိုသို့ မေးမြန်းမှုနှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ်သည် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ပင်စင်လစာထုတ်ပေးခြင်းကို ပင်စင်ဦးစီးဌာနကိုယ်စား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ပင်စင်လုပ်ထုံးလုပ်နည်းလမ်းညွှန် အပိုဒ် ၃၃၀ တွင် မိသားစုပင်စင်လစာခံစားသည့် အမျိုးသမီးသည် ပင်စင်လျှောက်လွှာတွင် အိမ်ထောင်မပြုသေးကြောင်းနှင့် လွန်ခဲ့သည့် ၆ လအတွင်း အိမ်ထောင်မပြုခဲ့ကြောင်း ကြေညာလွှာကို ပူးတွဲတင်ပြခြင်းမပြုပါက ၎င်းအား ပင်စင်လစာထုတ်ပေးခြင်းမှရပ်ဆိုင်းရမည်ဟု ဖော်ပြထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောကြားသည်။

မိသားစုပင်စင်အကျိုးခံစားခွင့်နှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၃၃၊ ပုဒ်မခွဲ (စ) တွင် “ဝန်ထမ်းသည် တာဝန်ထမ်းဆောင်နေဆဲတွင်ဖြစ်စေ၊ အငြိမ်းစားယူပြီးနောက်မှဖြစ်စေ ကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူမိသားစုအတွက် မိသားစုပင်စင်ကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားပါကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောကြားသည်။

မိသားစုပင်စင် ဆက်လက်ခံစားခွင့်မရှိစေခြင်းနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၄၉ တွင် ကျန်ရစ်သူတရားဝင်ခင်ပွန်း သို့မဟုတ် ဇနီးသည်နောက်အိမ်ထောင်ပြုခြင်း၊ ဝန်ထမ်း၏ မိသားစုဝင်အိမ်ထောင်မပြုရသေးသည့် အမျိုးသား၊အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုခြင်းဖြစ်ပါက ဆက်လက်ခံစားခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောကြားသည်။

အဆိုပါ ပြဋ္ဌာန်းထားချက်များအရ မိသားစုပင်စင်ထုတ်ယူနေသည့် ကွယ်လွန်သူအငြိမ်းစား၏ ခင်ပွန်း/ဇနီးထံမှ နောက်အိမ်ထောင်မပြုသေးကြောင်း ကိုယ်တိုင်ခံဝန်ချက်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တို့ကို ၆ လလျှင် ၁ ကြိမ်နှင့် မိသားစုပင်စင်ထုတ်ယူနေသည့်မိသားစုဝင်ထံမှအိမ်ထောင်မပြုသေးကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တို့ကို ၆ လလျှင် ၁ ကြိမ် တောင်းခံစိစစ်ခြင်းတို့ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group