Eleven Media Group

■ မော်တော်ယာဉ်များကို စုံနေ့၊ "မ"နေ့သတ်မှတ်ပြီး စက်သုံးဆီဖြန့်ချိနေသောကြောင့် မော်တော်ယဉ်များ သွားလာခွင့်ကို စုံရက်၊ "မ"ရက် သတ်မှတ်ခြင်းမျိုး မလုပ်ဘဲ ဖြေလျော့ပေးရန် ပြည်ထောင်စုအစိုးရကို ထပ်မံတောင်းဆိုထားဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

မော်တော်ယာဉ်များကို စုံနေ့၊ "မ"နေ့သတ်မှတ်ပြီး စက်သုံးဆီဖြန့်ချိနေသောကြောင့် မော်တော်ယဉ်များ သွားလာခွင့်ကို စုံရက်၊ "မ"ရက် သတ်မှတ်ခြင်းမျိုး မလုပ်ဘဲ ဖြေလျော့ပေးရန် ပြည်ထောင်စုအစိုးရကို ထပ်မံတောင်းဆိုထားကြောင်း တောင်းတွင်းကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက ပြောကြားသည်။

ဇူလိုင် ၂၈ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ဒေါက်တာကျော်ဆွေက အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

"စက်သုံးဆီ ဖြန့်ချိရေးအပိုင်းကလည်း စုံကားတွေ စုံနံပါတ်နေ့မှာ ထုတ်ခိုင်းတယ်။ ဝယ်ယူခိုင်းတယ်။ "မ" နံပါတ်ကားတွေဆိုရင် "မ"နေ့မှာ ဝယ်ယူခွင့်ပြုထားတာ ရှိပါတယ်။ ဒီလိုနည်းနဲ့ စက်သုံးဆီ ဖြန့်ချိတဲ့အတွက်ကြောင့် စက်သုံးဆီက လစဉ် ဂါလံသန်းချီပြီးတော့ ပိုလျှံလာတာ တွေ့ရတယ်။ စက်သုံးဆီ ဝယ်ယူမှု လျော့သွားတာကို တွေ့ရတယ်။ ဒီအခြေအနေကြောင့်မို့လို့ မော်တော်ယာဉ်တွေကို စုံကားတွေ စုံနေ့၊ "မ"ကားတွေ "မ"နေ့မှာ စက်သုံးဆီဖြန့်ချိပြီးပြီဖြစ်တဲ့အတွက်ကြောင့် ကားတွေ လမ်းမပေါ်သွားတာကိုတော့ စုံရက် "မ"ရက် သတ်မှတ်တာမျိုးတွေ မလုပ်တော့ဘဲ ဖြေလျော့ပေးဖို့ ပြည်ထောင်စုအစိုးရကို ထပ်မံတောင်းဆိုထားတာ ရှိပါတယ်"ဟု ဒေါက်တာကျော်ဆွေက ပြောကြားသည်။

ဆက်လက်၍ ၎င်းက "အခုလိုမျိုး စုံရက် "မ"ရက် မခွဲတော့ဘဲ လမ်းပေါ် သွားလာခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အများကြီး အဆင်ပြေပါတယ်။ အခုအခြေအနေက ဘယ်လိုလဲဆိုတော့ မိသားစုတစ်စုက ကားနှစ်စီးရှိရမယ့်ပုံပေါက်နေတဲ့ အခြေအနေပေါ့နော်။ စုံနေ့မှာ စုံနံပါတ်ကား ထွက်မောင်း၊ "မ"နေ့မှာ "မ"နံပါတ်ကား ထွက်မောင်း ဖြစ်နေတဲ့ အခြေအနေကြီး ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ရက်ကျော်ပြီး ခရီးသွားရတဲ့ ပြည်သူတွေကျတော့လည်း အကျပ်အတည်း အခက်အခဲတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရအနေနဲ့ လမ်းမပေါ်သွားတဲ့ ကားတွေကိုတော့ စုံရက် "မ"ရက် သတ်မှတ်ပြီးတော့ အရေးယူတာမျိုး မဆောင်ရွက်ဖို့ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆို တင်တာဖြစ်ပါတယ်"ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က စက်သုံးဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းရား၌ မော်တော်ယာဉ် စုံမ သတ်မှတ်မှုသည် တကယ့်ပြဿနာဟု ထည့်သွင်းပြောကြားခဲ့သည်။

“အဓိကကတော့ နယ်တွေမှာ ဘာဖြစ်လို့လဲဆိုတော့ အစိုးရခွင့်ပြုထားတာက တစ်ပတ်ကို နှစ်ကြိမ် ဥပမာ ဆိုင်ကယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ရှစ်လီတာရတယ်။ ရှစ်လီတာမှာဆိုရင်တော့ မလောက်ပါဘူးဗျာ့။ ဘယ်လိုမှ မလောက်ပါဘူး။ ဒါပေမဲ့ ဆီလည်း ကန့်သတ်ထားပြီးသား။ ဒါပေမဲ့ ခုနက ပြောသလိုပေါ့ အခုလည်း တွေ့မြင်ကြားသိနေရတဲ့ စုံမဂဏန်း အဲ့ဒါ တကယ့်ပြဿနာပါပဲ။ ကျွန်တော်တို့ ဒီမိဘပြည်သူတွေအတွက်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေ ကျောင်းသွားပို့တဲ့အချိန်မှာ ကျွန်တော်ထင်တယ်။ တစ်ချို့အိမ်တွေဆိုရင် ဆိုင်ကယ်နှစ်စီးလည်း မရှိပါဘူးဗျာ့။ မဂဏန်း၊ စုံဂဏန်း၊ ပြီးတော့ အဲဒီ ဆိုင်ကယ်တို့ ကားတို့ဆိုတာ လိုင်စင်ရှိမှ သူက အကြုံးဝင်မှာ။ ဒါပေမဲ့ နယ်မှာဆိုရင် ကျွန်တော်တို့က လိုင်စင်မရှိတာ များပါတယ်။ အဲဒါကြောင့် ဖြစ်ပျက်နေတာကတော့ အဓိကကတော့ စုံမမှာ တစ်ကယ့်ပြဿနာဖြစ်နေပါတယ်”ဟု လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က ပြောကြားသည်။

ထိုသို့ မေးမြန်းမှုနှင့် ပတ်သက်၍ မော်တော်ယာဉ် စုံမ သတ်မှတ်မှုတွေနှင့် စက်သုံးဆီ ချွေတာရေးသည် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။

ထို့အတူ ဇွန် ၉ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ယာဉ် စုံ/မ စနစ် သတ်မှတ်ချက်အား ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ မရှိကို ပြည်ခိုင်ဖြိုးပါတီမှ ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က မေးမြန်းခဲ့သည်။

“QR ကုတ်ဖတ်သည့်စနစ် ကီလိုမှတ်သားသည့်စနစ်တို့ဖြင့် စက်သုံးဆီဝယ်ယူမှု ရောင်းချမှုများကို မသမာမှုနည်းလမ်းများ မဖြစ်ပေါ်စေရန် တားဆီးပြီးဖြစ်သည့်အပြင် မော်တော်ယာဉ်အလိုက် အမှန်တစ်ကယ်လိုအပ်နေသော စက်သုံးဆီပမာဏ သတ်မှတ်ထားသည့် အတိုင်းအတာများဖြင့် ရောင်းချပေးနေပြီးဖြစ်ရာ စက်သုံးဆီ ခြိုးခြံချွေတာရေးမူဝါဒနှင့် ကိုက်ညီပြီးဖြစ်သဖြင့် လမ်းပေါ်တွင် စုံ/မစနစ်ကို ထပ်မံကန့်သတ်ထားခြင်းဖြင့် စက်သုံးဆီချွေတာရေးထက် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဝဝကိုပိုမိုခက်ခဲစေပါတယ်” ဟု ဦးသိန်းနိုင်က ပြောကြားသည်။

ယခုအခါ စက်သုံးဆီ တန်းစီဝယ်ယူမှုများမှာလည်း နည်းပါးသွားသည်ကို တွေ့ရှိရခြင်းကြောင့် စုံ/မစနစ် ကန့်သတ်မှုများကို ပယ်ဖျက်လိုက်ခြင်းဖြင့် ကုန်စည်များ လျင်မြန်စွာ စီးဆင်းစေမည့်အပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုပါ များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချမှုအား ကန့်သတ်ချက်များထားရှိပြီးဖြစ်သည့်အပြင် လမ်းမများပေါ်တွင် စုံ/မ စနစ် ထပ်မံထားရှိမှုကြောင့် စက်သုံးဆီ ခြိုးခြံရေးချွေတာမှုအတွက် ထိန်းချုပ်မှုစနစ် နှစ်ထပ်ဖြစ်နေရကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် စုံ/မစနစ်ကို သုံးသပ်ရာတွင် စက်သုံးဆီ မည်မျှသက်သာသွားသည်ဆိုသော အချက်တစ်ခုတည်းကိုသာ ကြည့်၍မရဘဲ ထုတ်လုပ်နိုင်စွမ်းနှင့် စီးပွားရေးထိရောက်မှု မည်မျှထိခိုက်သွားသည်ဆိုသည့်အချက်ကိုပါ တွဲဖက်ကြည့်ရှုရန် လိုအပ်ကြောင်း ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောကြားသည်။

“အများပြည်သူများ နေ့စဉ်သွားလာမှုလွယ်ကူစေရန်၊ ကုန်ကျစရိတ်သက်သာစေရန်၊ သယ်ယူပို့ဆောင်ရေးများ အဆင်ပြေချောမွေ့မှသာ ကုန်ဈေနှုန်းကျဆင်းပြီး တည်ငြိမ်စေမည်ဖြစ်ရာ မော်တော်ယာဉ်များ စုံ/မ ကန့်သတ်ချက်များဖြင့် မောင်းနှင်မှုစနစ်အား အများပြည်သူ၏အကျိုးကို ကြည့်ရှုသောအားဖြင့် ပြန်လည်ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ မရှိ၊ အစီအစဉ်များရှိပါက မည်သည့်အချိန်ကာလတွင် ပယ်ဖျက်ပေးသွားမည်ကို သိရှိလိုပါတယ်။ အစီအစဉ်များ မရှိပါက အဘယ့်ကြောင့်ဖြစ်သည်ကို လွှတ်တော်ဥက္ကဋ္ဌကြီးထံမှတစ်ဆင့် မေးမြန်းအပ်ပါတယ်” ဟု ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောကြားသည်။

ထိုသို့ မေးမြန်းမှုအပေါ် မော်တော်ယာဉ်များ စုံ/မ ကန့်သတ်ချက်ဖြင့် မောင်းနှင်မှုသတ်မှတ်ချက်အား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်ဖြင့် ၂၀၂၆ ခုနှစ် မတ် ၃ ရက်နှင့် မတ် ၄ ရက်များတွင် နိုင်ငံတစ်ဝန်းလုံးသို့ စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်အသိပေးခဲ့ပြီးဖြစ်ပြီး ထပ်မံပြီး တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေး ကြေညာထားရှိမှုအား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြန်လည်ဖြေကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group