
ကမ္ဘာ့ဉာဏ်ရည်တုအဖွဲ့အစည်းနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးမှုအခွင့်အလမ်းခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲအစီအစဉ်ကို မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် China Media Group(CMG)တို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တုညီလာခံနှင့်ကမ္ဘာလုံးဆိုင်ရာဉာဏ်ရည်တုစီမံခန့်ခွဲမှု အဆင့်မြင့်အစည်းအဝေးကို ဇူလိုင်လ ၁၇ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မှာ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ညီလာခံကို "ဉာဏ်ရည်တုမိတ်ဖက်များဖြင့် အနာဂတ်ကိုအတူတကွဖန်တီးစို့" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး နိုင်ငံနှင့် နိုင်ငံတကာအစည်းအဝေးတစ်ရာကျော်မှ အစိုးရကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများမှတာဝန်ခံများ၊ ကျွမ်းကျင်ပညာရှင်များနှင့် စက်မှုလုပ်ငန်းနယ်ပယ်မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကာ ဉာဏ်ရည်တုနည်းပညာ ဆန်းသစ်တီထွင်မှု၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု စတဲ့ အရေးကြီးအကြောင်းအရာများကို အတူတကွဆွေးနွေးခဲ့ကြပါတယ်။ ညီလာခံမှာပြည်သူကို ဗဟိုပြုရန်၊ ဉာဏ်ရည်တုကို ကောင်းမွန်သောအကျိုးအတွက် အသုံးပြုရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာဉာဏ်ရည်တု စီမံခန့်ခွဲမှုစနစ်ကို ပြည့်စုံအောင်ဆောင်ရွက်ရန် အဆိုပြုခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာဖြင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကိုပိုမိုကောင်းမွန်စွာ အထောက်အကူပြုနိုင်ရေး၊ လူသားတို့ရဲ့ ဘုံသုခချမ်းသာတိုးပွားစေရေး၊ နိုင်ငံအသီးသီးမှ ဉာဏ်ရည်တု ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို အတူတကွမျှဝေခံစားနိုင်ရေး၊ ကမ္ဘာတစ်ဝန်း အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပိုမိုမျှတပွင့်လင်းပြီး အားလုံးပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရေးတို့ကို တိိုက်တွန်းနှိုးဆော်ခဲ့ပါတယ်”ဟု China Media Group(CMG) မှ ဒေါ်နှင်းပွင့်ဖြူက ပြောကြားသည်။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် နိုင်ငံ ၂၉ နိုင်ငံသည် ရှန်ဟိုင်းမြို့၌ ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါ သဘောတူ ညီချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များကို ဗဟိုပြု၍ အချုပ်အခြာအာဏာပိုင်နိုင်ငံများ အခွင့်အရေးတူ တန်းတူညီမျှ ပါဝင်သည့် ပထမဆုံးသော AI စီမံခန့်ခွဲမှုဆိုင်ရာ တရားဝင် ယန္တရားတစ်ခု ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အဆိုပါ သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သဘောတူညီချက်၏ တည်ထောင်သူအဖွဲ့ဝင်နိုင်ငံများအနက် အပါအဝင် ဖြစ်လာခဲ့ကြောင်း သိရပြီးဆွေးနွေးပွဲတွင် တက်ရောက်လာကြသော ပညာရှင်များက ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သဘောတူညီချက် ပေါ်ပေါက်လာခြင်းနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အခန်းကဏ္ဍသစ်၊ AI နည်းပညာ မျှဝေခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ မြန်မာနိုင်ငံတွင် AI ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်သစ် စသည့် ခေါင်းစဉ်သုံးရပ်နှင့်စပ်လျဉ်း၍ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကမ္ဘာ့ဉာဏ်ရည်တုအဖွဲ့အစည်းနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းဖွံ့ဖြိုးမှုအခွင့်အလမ်းခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲကို အပိုင်း ၃ ပိုင်းဖြင့်ပြုလုပ်ခဲ့ကြောင်းသိရသည်။