
ငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နှင့် အနီးဝန်းကျင် ရေဘေးအန္တရာယ် ကျရောက်နိုင်သဖြင့် အရေးပေါ် ရွှေ့ပြောင်း/သတိပြုနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၃၀ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မြစ်ရေတွန်းအားကြောင့် ငဝန်ရေကာတာ၏ တာဘောင် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် တာအတွင်းဘက်သို့ မြစ်ရေများ အနက် ၂ ဒသမ ၅ ပေခန့် စတင်ဝင်ရောက်လျက်ရှိနေသည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်သည်။
တာအတွင်းသို့ ဝင်ရောက်လာသော မြစ်ရေများသည် အရှေ့ဘက် မြစ်ကျိုးအင်း၊ အရှေ့မြောက်ဘက် ချောင်းဇောက် ၊ စာရေးကုန်းချောင်း ၊ ဒါးကမြစ်အတွင်းသို့ စီးဝင်နိုင်သည်ဟု အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
ယင်းကြောင့် အနိမ့်ပိုင်းလယ်ကွင်းများ၊ လေးမျက်နှာမြို့အတွင်းရှိ အနိမ့်ပိုင်း ရပ်ကွက်များနှင့် စိုက်ပျိုးမြေများအနီး နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာ ကုန်းမြင့်များ၊ စက်ရုံ/ကျောင်းများ/ဓမ္မာရုံများနှင့် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းကြရန်၊ ပစ္စည်းများနှင့် သက်ကြီး/ကလေးများ - တန်ဖိုးရှိ စာရွက်စာတမ်းများ၊ ဆေးဝါး၊ အစားအစာများနှင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များကို ရှေ့ဦးစွာ လုံခြုံသောနေရာသို့ ပို့ဆောင်ထားကြပါရန်၊ လျှပ်စစ်အန္တရာယ် သတိပြုရန် - မိမိတို့အိမ်ရှိ လျှပ်စစ်မိန်းခလုတ်များကို ပိတ်ထားကြပါရန် အစိုးရအဖွဲ့က အသိပေးသည်။
အခက်အခဲရှိပါက ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များထံ ချက်ချင်း ဆက်သွယ်အကူအညီတောင်းခံကြပါရန်နှင့် မိဘပြည်သူများ အနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ သက်ဆိုင်ရာ၏ အရေးပေါ် ညွှန်ကြားချက်များကို အတိအကျလိုက်နာ၍ ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းနေထိုင်ကြပါရန် အစိုးရအဖွဲ့က အသိပေးထားသည်။