Eleven Media Group

အမရပူရမြို့နယ်တွင် ဆိုင်ကယ်များဖြင့် သယ်ဆောင်လာသည့် ကျပ်သိန်း ၄၄၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

အမရပူရမြို့နယ်တွင် ဆိုင်ကယ်များဖြင့် သယ်ဆောင်လာသည့် ကျပ်သိန်း ၄၄၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၂၈ ရက် ည ရနာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အမရပူရမြို့နယ်၊ မင်းတည်းကုန်းကျေးရွာ၊ မြစ်ငယ် - ထုံးဘိုသွားကားလမ်းတွင် မြင့်ဦး၊ မျိုးဇော်ဦး(ခ)သာကျော်၊ ရဲထွန်း နှင့် မောင်ဝင်း တို့အား မော်တော်ဆိုင်ကယ် ၄ စီးနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာ ဆိုင်ကယ်များပေါ်တွင် ၎င်းတို့သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၇ ဒသမ ၆ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၄၀၀)နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှ မြင့်ဦး(၃၂)နှစ်၊ မျိုးဇော်ဦး(ခ)သာကျော်(၃၆)နှစ်၊ ရဲထွန်း(၃၈)နှစ် နှင့် မောင်ဝင်း(၅၂)နှစ် တို့ အား မြစ်ငယ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group