Eleven Media Group

ရန်ဘက်နှစ်နိုင်ငံ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေသည့်တိုင် အမေရိကန်နှင့်အီရန် ဆွေးနွေးပွဲများ ဆက်လက်ရှိနေသည်ဟု ပါကစ္စတန်ပြောကြား

ဂျော်ဒန်နိုင်ငံအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုအသစ်များကို လက်တုံ့ပြန်သည့် အနေဖြင့်အမေရိကန်က ရန်ဘက်အီရန်ကို ပြင်းထန်သည့်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သော်လည်းအီရန်နှင့် အမေရိကန်တို့ ညှိ နှိုင်းဆွေးနွေးမှုများ ဆက်လက်ရှိနေသေးသည်ဟု ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်က ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သုံးရက်တွင် ဆော်ဒီအာရေးဗျသည် အီရတ်ရှိ စစ်သွေးအုပ်စုများကိုတိုက်ခိုက်ရာတွင် အမေရိကန်နှင့် အတူပူးပေါင်း ပါဝင်လာခဲ့သည်။အီဂျစ်သည် မြေထဲပင်လယ်ဆိပ်ကမ်းတစ်ခု၌ ဒရုန်းဖြင့်ပထမဆုံးအကြိမ် တိုက်ခိုက်ခံခဲ့ရသဖြင့် အရှေ့ အလယ်ပိုင်းပဋိပက္ခသည် စိုးရိမ်ဖွယ်ရာအရှိန် မြင့်တက်လာနေသည်ဟုအီဂျစ်သမ္မတက သတိပေးသည် အထိဖြစ်လာခဲ့သည်။

ဇူလိုင် ၃၀ ရက်တွင် ဂျော်ဒန်က အီရန်ဒုံးကျည်များကို ဒုတိယမြောက်နေ့အဖြစ် ကြားဖြတ်ဟန့်တားခဲ့သည်ဟုထုတ်ပြန်ခဲ့သည်။ အီရန်တိုက်ခိုက်မှုက တရုတ်ပိုင်ကုမ္ပဏီအဆောက်အအုံကို ထိမှန်သဖြင့် တစ်ဦးသေဆုံးခဲ့သည်ဟု ကူဝိတ်က ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများ ခေတ္တရပ်စဲနေချိန်တွင် တိုက်ရိုက်ဆွေးနွေးမှုများ ပြန်လည်ဖြစ်ပေါ်လာခြင်းက ဆွေးနွေးမှုများကိုအားတက်စရာဖြစ်စေသည့်အဓိပ္ပာယ်ဖြစ်သည်။

“အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားကိစ္စနဲ့တင်းမာမှုတွေ လျှော့ချဖို့အတွက် အဖွဲ့အစည်း အချင်းချင်း ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်”ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာဟီးရ်အန်ဒရာဘီက သတင်းထောက်များကို ပြောကြားခဲ့သည်။ ပါကစ္စတန်သည်စစ်မက်ဖြစ်ပွားနေ သည့် နှစ်နိုင်ငံအတွက် ရေရှည်ဖြေရှင်းရေး ဆွေးနွေးပွဲများအတွက် အုတ်မြစ်ချပေးသည့် သဘောတူညီချက်တစ်ခု ရရှိအောင်ကူညီ ပေးခဲ့ပြီး သဘောတူညီချက်အရ နည်းပညာ ပိုင်းဆိုင်ရာဆွေးနွေးပွဲများသို့ သက်ဆိုင်သူ အားလုံးပြန်လည်ပါဝင်လာရန်အတတ်နိုင် ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်”ဟု အန်ဒရာဘီက ဆိုသည်။

ဧပြီအပစ်အခတ်ရပ်စဲရေးအပြီး ယခင်ဆွေးနွေးပွဲများသည်ရပ်တန့်နေခဲ့ပြီး ယခုလအစောပိုင်းတွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခြင်းနှင့်အတူရေနံနှင့်သဘာဝ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးအတွက် အ ရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ထပ်မံပိတ်ဆို့ထားခဲ့သည်။

အမေရိကန်၏အကူအညီဖြင့် ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းခဲ့သည့်ရေနံတင်သင်္ဘော နှစ်စင်းအနက်တစ်စင်းမီးလောင်မှုဖြစ်ပွားခဲ့ပြီး နောက်ပြန်လှည့်သွားခဲ့သည်ဟုအီရန်တော်လှန်ရေးအစောင့် တပ် ကဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆော်ဒီအာရေးဗျက မဟာဗျူဟာမြောက် ဗားဗ်အယ်လ်မန်ဒက်ရေလက်ကြား ဝန်းကျင်ရေကြောင်းသွား လာရေးလုံခြုံစိတ်ချရမှုရှိစေရန် ဒေသတွင်း ၁၄ နိုင်ငံပါဝင်သည့် ရေကြောင်း ကာကွယ်ရေး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။

ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူရ်သီသူပုန်များက ဆော်ဒီအာရေးဗျကို ရေကြောင်းပိတ်ဆို့မှု ပြုလုပ်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့ပြီး ပင်လယ်နီရှိ ဆော်ဒီရေနံတင်သင်္ဘောကို တိုက်ခိုက်ခဲ့ သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group