
ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျပျက်စီးပြီး လူသေဆုံးမှုများနှင့် ပတ်သက်၍ ကုမ္ပဏီ သုံးခုကို အမည်မည်းစာရင်းထည့်သွင်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa Condo ပြိုကျ ပျက်စီးရာတွင်ထိခိုက် သေဆုံးမှုများနှင့် ပတ်သက်၍ ကုမ္ပဏီ ၃ ခုနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများကို ဇွန် ၁၉ ရက်မှစတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနက အမည်မည်းစာရင်း (Black lists) ထည့်သွင်း သတ်မှတ်ပြီးကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာနက အကြောင်းကြားလာပါသဖြင့် အများပြည်သူ သိရှိနိုင်ပါရန် အသိပေးကြေညာခြင်းဖြစ် ကြောင်း သိရသည်။
အမည်မည်းစာရင်းတွင် ထည့်သွင်းခံရသည့် ကုမ္ပဏီ သုံးခုမှာ NTL Construction ကုမ္ပဏီ၊ Depawaddy Construction ကုမ္ပဏီနှင့် CES Constructure Engineering Services ကုမ္ပဏီ တို့ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်း မှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းနှင့် သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများမှ ချမှတ်ထားသော အခြားတည်ဆဲဥပဒေနှင့် နည်းဥပဒေများ လိုက်နာမှု မရှိကြောင်းတွေ့ရှိရပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ် ဆိုက်တွင် မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိနိုင်စေရန် ကြေညာသွားမည် ဖြစ်ပါကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
#Skyvilla #blaclist #earthquake #elevennews