Eleven Media Group

ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေများကို ဘဏ္ဍာရေးနှစ်များအလိုက် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေများကို ဘဏ္ဍာရေးနှစ်များအလိုက် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ဇူလိုင် ၃၁ ရက်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့အစီအစဉ်သို့ တက်ရောက်၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် အဓိကမောင်းနှင်အားဖြစ်သည့် လူသားအရင်းအမြစ်သည် အဓိကအကျဆုံးဖြစ်ပြီး ယင်းအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးသည် ခိုင်မာသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို လေ့လာကြည့်မည်ဆိုလျှင် ၂၀၂၄ ခုနှစ်တွင် အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏ စာတတ်မြောက်မှုနှုန်းသည် ၉၂ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး တွက်ချက်နိုင်မှုနှုန်းသည် ၉၂ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း၊ စာတတ်မြောက်မှုနှုန်း မြင့်မားနေသော်လည်း ပြည်သူလူထု၏ ကျောင်းနေရာခိုင်နှုန်းသည် နည်းပါး နေသေးပြီး ပညာအရည်အချင်း နိမ့်ကျနေဆဲဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အရွယ် လူငယ် ငါးဦးတွင် သုံးဦးသာ လက်ရှိကျောင်းတက်ရောက်နေပြီး အသက် ၂၀ နှစ်အရွယ် ခြောက်ဦးသည် တစ်ဦးသာ ပညာဆက်လက်သင်ကြားလျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တွင် ကျောင်းထွက်နှုန်း မြင့်မားနေသည်ကိုတွေ့ရကြောင်း၊ အသက် ၂၅ နှစ်နှင့်အထက် လူဦးရေ၏ အမြင့်ဆုံးအောင်မြင်ပြီးစီးခဲ့သည့် အတန်း/ ပညာအဆင့်အနေဖြင့် အတန်းမရှိနှင့် မူလတန်းအဆင့် ပြီးမြောက်မှု ၄၉ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ပြီးမြောက်မှု ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ အထက်တန်းအဆင့် ပြီးမြောက်မှု ၁၄ ရာခိုင်နှုန်းနှင့် ဘွဲ့ရပြီးသူ ၁၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိကြောင်း၊ ယခင်သန်းခေါင်စာရင်းအချက်အလက်များကို ပြန်ကြည့်မည်ဆိုလျှင်လည်း အတန်းမရှိနှင့် မူလတန်းအဆင့်သာ ပြီးမြောက်သူ ၁၉၇၃ ခုနှစ်တွင် ၉၀ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၈၄ ရာခိုင်နှုန်းနှင့် ၂၀၁၄ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်းရှိသည့်အတွက် မြန်မာနိုင်ငံ၏ လူဦးရေအများစုသည် မူလတန်းပညာရေးသာ ပြီးမြောက်ခဲ့ကြသည်ဟု သုံးသပ်ရရှိကြောင်း ပြောကြားသည်။

ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက် KG+9 အထိ မသင်မနေရပညာရေးစနစ်အဖြစ် ပြောင်းလဲပြီး နိုင်ငံတော်၏ ပညာရေးကဏ္ဍ တိုးတက်လာစေရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေများကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ မိမိတို့ နိုင်ငံ ၏ ပညာရေးကဏ္ဍတိုးတက်ရန်အတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း အသုံးပြုသွားမည်ဖြစ်သကဲ့သို့ အခြားဝန်ကြီးဌာနများ၏ ပညာရေးကဏ္ဍများအပါအဝင် နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင်လည်း ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့်တစ်နှစ်ကျော် ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

လက်ရှိကာလ ပညာရေးဝန်ကြီးဌာန၏ စာရင်းအင်းအချက်အလက်များအရ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့်တွင် ၄ ဒသမ ၉ သန်းခန့်၊ အလယ်တန်းအဆင့်တွင် နှစ်သန်းကျော်၊ အထက်တန်းအဆင့်တွင် ခြောက်သိန်းကျော်နှင့် စုစုပေါင်း ၇ ဒသမ ၅ သန်းကျော် တက်ရောက်ပညာသင်ကြားလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာအဆင့် ကျောင်းသား စုစုပေါင်း ၇ ဒသမ ၁ သန်းကျော် တက်ရောက်ခဲ့မှုနှင့် ပြန်လည်နှိုင်းယှဉ်ကြည့်သည့်အခါ ယခုနှစ်တွင် ကျောင်းသားဦးရေ လေးသိန်းခန့် ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းတက်ရောက်သူ ၉ ဒသမ ၄ သန်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လျော့နည်းနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးအားနည်းသည့် ဒေသများအတွက် အထူးစီမံချက်များ ချမှတ်ပြီး KG+9 အထိ ပညာ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကိုလည်း ၉၂ ကျောင်းအထိ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံကျောင်းများမှတစ်ဆင့် သင့်တော်သည့် သိပ္ပံကျောင်းများကို တက္ကသိုလ်/ ကောလိပ်အဆင့်မြှင့်တင်ခြင်းနှင့် Polytechnic သိပ္ပံများနှင့် တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း ၁၅ ကျောင်းထဲမှ ကျောင်းဧရိယာနှင့် အခြေခံအဆောက်အအုံအရ သင့်တော်သည့် ပွင့်ဖြူ၊ သာယာဝတီ၊ သထုံနှင့် ဟဲဟိုးတို့တွင်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံများကို စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကောလိပ်အဖြစ် အဆင့်တိုးမြှင့်နိုင်ရန်နှင့် လိုအပ်သည့် ဆရာ၊ ဆရာမနှင့် ဝန်ထမ်းများ ခန့်အပ်နိုင်ရန် စီမံဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group