
ဖမ်းဆီးရမိထားသည့် မီလျှံနာရွှေဆိုင် ဓါးပြတိုက်မှုကျုးလွန်သူများထဲမှ တစ်ချို့သည် ပေါ်ဦးရွှေဆိုင်နှင့် မိုးမန္တလေးရွှေဆိုင်တို့အား ဓါးပြတိုက်ရာတွင် ပါဝင်ခဲ့သည်ကို ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မန္တလေးမြို့၊ မနော်ဟရီလမ်းပေါ်ရှိ မီလျှံနာရွှေဆိုင် ဓါးပြတိုက်မှုဖြစ်စဉ်မှ ကျူးလွန်သူ ၅ဦးနှင့် ဓါးပြတိုက်ရန် အစီစဉ်ဆွဲညွှန်ကြားသူ၁ ဦးအပါအဝင် ၆ဦးကို မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဇူလိုင်လ၂၃ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
" လောလောဆယ်တော့ ၁၁ဦးကို အရေးယူဖို့လုပ်နေပါတယ်။ ဓါးပြတိုက်သူတွေအပါအဝင် ရွှေတွေနဲ့ပတ်သက်ပြီး ဆက်စပ်လုပ်ကိုင်ပေးသူတွေကိုပါ အရေးယူဖို့ ဆောင်ရွက်နေပါတယ်။စစ်ဆေးပေါ်ပေါက်ချက်တွေအရတော့ ထပ်မံဆောင်ရွက်သွားဖို့တွေရှိပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မီလျှံနာရွှေဆိုင်ဓါးပြတိုက်သူများကို ဓါးပြတိုက်မှုကျုးလွန်စဉ်က စီးလာသောဆိုင်ကယ်မှတဆင့် ခြေရာခံမိခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများကို မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ဘက်ရှိ ကျေးရွာများမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဦးဆောင်သူ၁ဦးကို သင်္ကန်းဝတ်ဖြင့် ပဲခူးတိုင်းဒေသကြီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့ကို အမှတ်(၁၁)နယ်မြေရဲစခန်းတွင် (ပ)၁၁၄/၂၀၂၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိရာမှ ၎င်းတို့ထဲမှတစ်ချို့သည် ၂၀၂၃ခုနှစ်က ပေါ်ဦးရွှေဆိုင်နှင့် ၂၀၂၅ခုနှစ်က မိုးမန္တလေးရွှေဆိုင် ဓါးပြတိုက်ရာတွင် ပါဝင်ခဲ့ကြောင်းကိုလည်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း(၁၁ဝလမ်း) ၊ ၆၂လမ်းနှင့်၆၃လမ်းပေါ်ရှိ မီလျှံနာရွှေဆိုင် ဓါးပြတိုက်ခံရမှု ဇူလိုင်လ၂ဝရက်နေ့ညနေ ၄နာရီခန့်ကဖြစ်ပွားခဲ့ရာ ရွှေချိန် တစ်ပိသာခန့်ပါသွားခဲ့ခြင်းဖြစ်သည်။
#မီလျှံနာရွှေဆိုင်ဓါးပြတိုက်မှု #ကျုးလွန်သူ #elevennews
■