


ရန်ကုန်၊ သြဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာအချောထည်အရောင်းပြပွဲ ၂၀၂၆ နှင့်ပတ်သက်၍ အရောင်းဆိုင်ရှင် Exhibitor များနှင့် စာနယ်ဇင်းမီဒီယာများ တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်လွဲပိုင်းအချိန်က ရန်ကုန်မြို့ လှိုင်မြို့နယ်၊ ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇင်က အဖွင့်အမှာစကားပြောကြားပြီးရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ အတွင်း ရေးမှူး(၁) ဦးသီဟန်သိန်းမှ အသင်းနှင့်ပတ်သက်သည့်အကြောင်းနှင့်ပြပွဲနှင့်ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ဒုတိယဥက္ကဋ္ဌ(၂)ဒေါ်ယဉ်ယဉ်မွှေးက ဒီဇိုင်းပြိုင်ပွဲကျင်းပခြင်းနှင့် ကံစမ်းမဲရွေးချယ်ပေးအပ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ(၃) ဒေါ်မျိုးမျိုးသန့် က ဖိတ်ကြားရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲခဲ့သည်။
ယင်းနောက်ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ(၄) ဒေါ်မိုးမိုးရွှေ မှ ပညာရပ်ဆိုင်ရာဟောပြောပွဲနှင့် ကျောက်မျက်ဓါတ်ခွဲခန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း
ပြောကြားပြီးအခမ်းအနားသို့ တက်ရောက်လာကြသည့်စာနယ်ဇင်းမီဒီယာများက သိရှိလိုသည်များကိုမေးမြန်းရာ အသင်း၏ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောက် မျက်ရတနာနှင့်လက်ဝတ်ရတနာအချောထည်အရောင်းပြပွဲတွင် မြန်မာ့ကျောက် မျက်ရတနာအချောထည်ကဏ္ဍကို ပြည်တွင်းမှ နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက အသင်းတည်ထောင်ခြင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သြဂုတ် ၆ ရက်နေ့မှ ၉ ရက်နေ့အထိကျင်းပသွာမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း(၁၅၀)ကျော်တို့က ကျောက်မျက်ရတနာအမျိုးပေါင်း(၁၃၀)တို့ဖြင့်ခင်းကျင်းပြသမည်ဖြစ်သည်။ ထို့ပြင်လူငယ်များအတွက်ကျောက်မျက်အကြောင်းသိကောင်းစရာ စကားဝိုင်းများထည့်သွင်းသွားမည်ဖြစ်ပြီး ကျောက်မျက်လေလံပွဲများပါထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#MNP #News