
ငွေကြေးမဖောင်းပွရန်၊ နိုင်ငံတော်အခွန်ဝင်ငွေ တိုးစေရန်၊ အဂတိများမဖြစ်စေရန် National Property tax law ပြဌာန်းနိုင်ရန် ကြိုးစားမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက သြဂုတ် ၁ ရက်တွင် နေပြည်တော် လွှတ်တော်အဆောက်အအုံ ဇဗ္ဗူသီရိဆောင်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ပြည်သူများ အိမ်မပိုင်လောက်အထိ မြေကစားခံရသည်ကို ကာကွယ်ရန်အတွက် လွှတ်တော်အနေဖြင့် Property Tax ကို ပြဌာန်းရန် ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး အစီအစဉ်ရှိမရှိ ပြည်တွင်းမီဒီယာတစ်ခုက မေးမြန်းစဉ် ဦးခင်ရီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
" ကျွန်တော်လည်း လိုက်လေ့လာကြည့်တယ်။ ကျွန်တော်တို့ဆီမှာ Property Law ရယ်လို့ သပ်သပ်တော့ မရှိဘူးဗျ။ ဒါပေမဲ့ အကောင်အထည် ဖော်နေတာရှိတယ်။ ဥပမာ နေအိမ်တို့ ခြံမြေတို့ဆို စည်ပင်သာယာ Law တွေရှိတယ်။ နောက်ထပ်တခါ ထပ်ပြီး တော့ စည်ပင်က ရေခွန်တို့၊ မြေခွန်တို့၊ အမှိုက်ခွန်တို့ ကောက်တာရှိတယ်။ ပြည်ထောင်စုအဆင့် Union level မှာဆိုရင် သူက Union Tax law ဆိုတာ ရှိတယ်။ အဲ့ဒါက ဝင်ငွေခွန်တွေ၊ ကုန်သွယ်ခွန်တွေ ကောက်တာရှိတယ်။ ခုနကပြောသလို လူတစ်ယောက်က ဒီအဆောက်အဦ တစ်လုံးဆောက်တယ်။ ဒါဆိုရင် အခွန်ကတမျိုး၊ နောက်ထပ် သုံးလုံး၊ လေးလုံး၊ ငါးလုံး ဝယ်ပြီးတော့ များလာတယ်။ အခွန်က မဆောင်ဘူး။ အဲ့တော့ငွေကြေးတန်ဖိုး ဖောင်းပွမှုတွေ ဖြစ်တယ်။ ငွေတန်ဖိုးတွေကျတယ်။ အဂတိတွေပေါ်တယ်ဆိုတဲ့ ဆိုးကျိုးတွေ Conscquences အများကြီးပေါ်တယ်။ ပြောရရင်တော့ အများကြီးပါပဲ။ အဲ့တော့ ဒီဥစ္စာက သိပ်ကောင်းတဲ့ဟာဖြစ်ပါတယ်။ အခုကျွန်တော် လေ့လာမိသလောက်ကတော့ မြန်မာပြည်မှာ နေအိမ်ခြံမြေတွေကို အခွန်ကောက်တဲ့ Property Tax Law မရှိဘူး။ ဒါကြောင့်ကျွန်တော်တို့က ဟိုဟာပေါ့ National Property Tax Law ဆိုတာပြဖို့ ကျွန်တော်တို့ ကြိုးစားပါ့မယ်။ တကယ်မရှိဘူးဆိုရင် ပြဖို့ လိုပါတယ်။ အဲ့ဒီမှာတော့ အများကြီး ပါတာပေါ့ဗျာ။ ကျွန်တော်တို့ မူကြမ်းတွေ လိုက်ကြည့်တယ်။ ဘယ်လိုဟာမျိုးတွေလဲ၊ ပိုင်ဆိုင်မှုက ဘယ်လိုလဲ၊ ဒီပိုင်ဆိုင်မှုက အခွန်နှုန်း ဘယ်လိုသတ်မှတ်မလဲ၊ တန်ဖိုးအလိုက် Market Value ကို ဘယ်လိုဆုံးဖြတ်မှာတုန်း၊ ဘယ်လိုဟာမျိုးတွေကို ကင်းလွတ်ခွင့်ပေးမှာတုန်း။ သူက အခြေခံ အိမ်တစ်လုံးဆိုရင် ကင်းလွတ်ခွင့်ပေးမယ်၊ မသန်စွမ်းတွေအတွက် ကင်းလွတ်ခွင့်ပေးမယ်။ အဲ့ဒီဟာတွေပေါ့။ နောက်တခုက မတော် မတရားလုပ်ရင် ပြစ်မှုပြစ်ဒဏ်က ဘာဆိုတာ ဥပဒေပြန်ကြည့်ပြီးတော့ Property law သည် ငွေကြေးတွေ မဖောင်းပွဖို့၊ လူတွေအဂတိ မဖြစ်ဖို့၊ နိုင်ငံတော် အခွန်တွေတိုးဖို့ဆိုတာ အင်မတန်ကောင်းတဲ့ အကြံပြုချက်ဖြစ်ပါတယ်။ ကျွန်တော်က ဥပဒေသမားမဟုတ်တော့ မစုံလို့ထင်ပါတယ်။ ဒါကို တကယ်မရှိဘူးဆိုရင် Property Tax Law ကို ပြဖို့ ကြိုးစားပါ့မယ်" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
မြန်မာနိုင်ငံတွင် Property Tax Law ဆိုသည်မှာ သတ်သတ်မှတ်မှတ်မရှိကြောင်း၊ ပြဌာန်းနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
# Property Tax Law #ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ #elevennews