








တောင်ကြီး၊ ဩဂုတ် ၁၃
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကို ဩဂုတ်(၁၃) ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စာရင်းစစ်ချုပ်ဒေါ်ခင်ထွေးရီ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကတိသစ္စမပြုရသေးသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မိုင်းပန်မြို့နယ်ကိုယ်စားလှယ် အမှတ်(၂) ဦးထွန်းမြင့်ဦးက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းကို ဆောင် ရွက်ခဲ့သည်။
ထို့နောက်ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့် ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၂၇)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၆.၂၁)ရာခိုင်နှုန်း ရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်းကြေညာပြီး နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ၏ အစိုးရရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းနှင့်စပ်လျဉ်းပြီး ရှမ်းပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော လွိုင်လင်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခွန်သက်နိုင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းရယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်ခိုင်သန္တာထွေးက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်း ကောင်း၊ လောက်ကိုင်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဟော်ထိုက်ဖူ(ခ) ဦးအောင်ကျော်ထွန်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကွတ်ခိုင်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဌေးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းရယ်မြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ်(၁) ဦးစိုင်းခမ်းကော်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကွန်ဟိန်းမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးနော်တောင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကုန်းကြမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မြမြဆွေက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကလောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ထွန်းငယ်က ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ ကျောက်မဲမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးမြင့်ဝင်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ နောင်ချို မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးကျော်အောင်သန်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ စုစုပေါင်းကြယ်ပွင့်ပြမေးခွန်း (၁၂)ခုတို့ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။
၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဝင် အစားထိုးပြင်ဆင်ပြောင်းလဲခြင်းအား ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ကို ရယူခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးအဖွဲ့မှ ရှမ်းပြည်နယ် ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား လွှတ်တော်သို့တင်သွင်းခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/ အဖွဲ့အစည်း များ၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းအား ပြည်နယ်လွှတ်တော်သို့ တင်သွင်းပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များရှိက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
ယင်းနောက် ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်ကျော်ညွန့်က ရပ်စောက်မြို့နယ်အပါအဝင် ရှမ်းပြည်နယ်အတွင်း လယ်ယာမြေမဟုတ်သော အခြားလယ်ယာမြေများ (ယာမြေ၊ ကိုင်းမြေ၊ ဥယျာဉ်မြေ)ကို အခြားနည်းသုံးစွဲခွင့်လျှောက်ထားရာတွင် ပြည်သူများ ကြန့်ကြာမှုမရှိဘဲ လွယ်ကူ၊ လျင်မြန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေးအတွက် မလိုအပ်သောဌာနဆိုင်ရာ ထောက်ခံချက်များကို ဖြေလျှော့ပေးရန်နှင့် လုပ်ငန်းစဉ်များ ပြန်လည်စိစစ်ပြင်ဆင်ပေးပါရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံခဲ့သဖြင့် လွှတ်တော် ဥက္ကဋ္ဌက ၎င်းအဆိုအား လွှတ်တော်တွင် ဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ဆန္ဒကို ရယူ၍ လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်း အဝေး(ပထမနေ့)ကို နေ့လယ်ပိုင်းတွင် ရပ်နားကြောင်းနှင့် အစည်းအဝေး(ဒုတိယနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်တို့ကို ကြေညာခဲ့ကြောင်းသိရှိရသည်။
#News #Myanmar