Myanmar National Post

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များပစ္စည်းများ ပေးအပ်






မင်းဘူး၊ ဩဂုတ် ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက ကျောက်ကုန်းဓမ္မာရုံ၌ ပေးအပ်ခဲ့သည်။

ထိုသို့ ရေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အတူ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လျှပ်စစ်စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီး ဦးအောင်နိုင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးထွန်းကြည်၊ အတွင်းရေးမှူး ဦးအောင်ချိုနှင့် တိုင်း/ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ကြခဲ့သည်။

ဆက်လက်၍ မန်းကျိုးအုပ်စု ထုံးမကြီးကျေးရွာမှ ရေဘေးသင့် အိမ်ထောင်စု (၆၇) စု၊ လူဦးရေ ကျား/မ စုစုပေါင်း (၁၉၉) ဦးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဦးလျှင် ဆန် ၄ ပြည်၊ ဆီ ၂၅ ကျပ်သား၊ ကြက်ဥ ၁၀ လုံး၊ ခေါက်ဆွဲခြောက် ၁၀ ထုတ်၊ ဆန်ဖိုးငွေ ၃၅၈၂၀၀၀ ကျပ်၊ ဆီဖိုးငွေ ၄၄၀၇၈၅ ကျပ်၊ ကြက်ဥဖိုးငွေ ၁၁၃၄၃၀၀ ကျပ်နှင့် ခေါက်ဆွဲခြောက်ဖိုးငွေ ၁၃၇၉၀၇၀ ကျပ်နှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေ ၆၅၃၆၁၅၅ ကျပ်တန်းဖိုးရှိ စားသောက်ကုန်ပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ပြီး ရေဘေးကြုံတွေ့နေရသည့် ပြည်သူများအတွက် လိုအပ်သည့်အကူအညီများကိုလည်း ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


ဇေယျာနိုင်(ရွှေကန်မြေ)

#MNP #News

မူရင်းသတင်း — Myanmar National Post