Myanmar National Post

အီတလီမှာ ပြင်းအား ၄.၇ ရှိတဲ့ ငလျင်တစ်ခုလှုတ်ခတ်ခဲ့လို့ ဒါဇင်နဲ့ချီတဲ့ လူတွေ ထိခိုက်ဒဏ်ရာရရှိ





ဩဂုတ် - ၂ ( တနင်္ဂနွေနေ့ ) 

သောကြာနေ့ ညနေပိုင်းမှာ အီတလီနိုင်ငံ တောင်ပိုင်း နေပယ်လ် မြို့အနီးက ဖလီဂရီ စခန်း မီးတောင်ဒေသ မှာ အင်အား ၄.၇ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး၊ အနည်းဆုံး လူ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီထဲက ၂ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး၊ အဆောက်အအုံ ဒါဇင်နဲ့ချီလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

အီတလီနိုင်ငံရဲ့ အမျိုးသား ဘူမိရူပဗေဒနဲ့ မီးတောင်ဗေဒ အင်စတီကျု (INGV) ရဲ့ ထုတ်ပြန်ချက်အရ၊ ငလျင်ဟာ ဒေသစံတော်ချိန် ည ၇ နာရီ ၄၆ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး၊ မြေအောက်အနက် ၃ ကီလိုမီတာခန့်သာရှိတဲ့ နေရာကနေ ဖြစ်ပေါ်ခဲ့တာပါ။ ငလျင်ဗဟိုချက်  ကတော့ ပိုဇော့အိုလီ နဲ့ ကွာတို မြို့နှစ်မြို့ကြားမှာ တည်ရှိပါတယ်။ အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်တွေကတော့ စက်ကိရိယာနဲ့ ဆက်တိုက်စောင့်ကြည့်မှတ်တမ်းတင်မှု စတင်ခဲ့ချိန်ကစပြီး ဒီဒေသမှာ မှတ်တမ်းတင်ခဲ့သမျှထဲမှာ အင်အားအပြင်းဆုံး ငလျင်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ အင်အား ၄.၆ ရှိတဲ့ ငလျင်နှစ်ကြိမ်ရဲ့ စံချိန်ကိုတောင် ကျော်လွန်သွားတာ ဖြစ်ပါတယ်။

ဒီငလျင်လှုပ်ခတ်မှုကို နေပယ်မြို့တစ်ဝိုက်သာမက အစ်ချီယာကျွန်း၊ ပရိုစီဒါကျွန်းနဲ့ နေပယ်လ်ပင်လယ်ကွေ့  အများစုမှာပါ သိသိသာသာ ခံစားခဲ့ရပါတယ်။ ငလျင်လှုပ်ပြီးနောက်ပိုင်းမှာတော့ ငလျင်တိုင်းတာရေးစက်တွေက နောက်ဆက်တွဲငလျင်  အကြိမ် ၆၀ ကျော်ကို မှတ်တမ်းတင်ထားပါတယ်။ အဲဒီထဲမှာ သောကြာနေ့ ညနောက်ပိုင်းက အင်အား ၃.၈ ရှိတဲ့ ငလျင်တစ်ခုနဲ့ စနေနေ့ မနက်အစောပိုင်းက အင်အား ၃.၁ ရှိတဲ့ နောက်ထပ်ငလျင်တစ်ခုလည်း ပါဝင်ပါတယ်။

အီတလီ အရပ်ဘက်ကာကွယ်ရေးဝန်ကြီးကတော့ လက်ရှိ ငလျင်ဆက်တိုက်လှုပ်ခတ်နေတဲ့ အခြေအနေ ဟာ မပြီးသေးဘူး လို့ သတိပေးထားပြီး၊ အင်အား ၃ အထက်ရှိတဲ့ ငလျင်တွေ ထပ်မံလှုပ်ခတ်နိုင်သေးတယ် လို့လည်း ပြောကြားခဲ့ပါတယ်။


REF: RT

#MNP #News

မူရင်းသတင်း — Myanmar National Post