Myanmar National Post

အာကာသထဲက အမှိုက်တွေက တစ်ပတ်ကို တစ်တန်စာလောက် ကမ္ဘာပေါ်ကို ပြန်ပြုတ်ကျနေတယ်၊ ထိခိုက်လာရင် လျော်ကြေးပေးမဲ့ ဥပဒေမရှိသေး




ဩဂုတ် - ၃ ( တနင်္လာနေ့ ) 

အာကာသထဲကို ဒုံးပျံတွေနဲ့ ဂြိုဟ်တုတွေ ပိုများများ လွှတ်တင်လာတာနဲ့အမျှ ကမ္ဘာပေါ်ကို ပြန်ပြုတ်ကျလာတဲ့ အာကာသအမှိုက် ပမာဏကလည်း တဖြည်းဖြည်း ပိုများလာပါတယ်။ အမှိုက်အများစုကတော့ လေထုထဲမှာတင် လောင်ကျွမ်းသွားတာ ဒါမှမဟုတ် သမုဒ္ဒရာထဲ ကျသွားတာမျိုး ဖြစ်လေ့ရှိပေမဲ့ တန်ချိန် (၁) တန်လောက်ရှိတဲ့ ခပ်ကြီးကြီး အစိတ်အပိုင်းတွေကတော့ တစ်ပတ်ကို တစ်ကြိမ်နှုန်းလောက် ကမ္ဘာ့လေထုထဲ ပြန်ဝင်လာနေပြီလို့ နယူးယောက်ခ်တိုင်းမ်သတင်းစာက ဖော်ပြထားပါတယ်။

ပိုလန် အာကာသအေဂျင်စီရဲ့ အာကာသအခြေအနေ စောင့်ကြည့်လေ့လာရေးဆိုင်ရာ အကြီးအကဲ မာရီယက်ဇ် စလိုနီနာ  ရဲ့ ပြောကြားချက်အရ အာကာသအမှိုက် အလေးချိန် တစ်မက်ထရစ်တန် ပမာဏလောက်ဟာ တစ်ပတ်ကို တစ်ကြိမ် ကမ္ဘာ့လေထုထဲ ပြန်ဝင်လာနေတယ်လို့ သိရပါတယ်။

"အာကာသအမှိုက်တွေ ပြန်ဝင်လာတာဟာ နေ့တိုင်းလိုလို ဖြစ်နေတာပါ" လို့ သူက ပြောသွားပါတယ်။ အာကာသဆိုင်ရာ လှုပ်ရှားမှုတွေ အလျင်အမြန် တိုးတက်များပြားလာတာကို ပြသနေတဲ့အနေနဲ့ အမေရိကန် အာကာသတပ်ဖွဲ့ဟာ ၂၀၂၅ ခုနှစ်အတွင်း လေထုထဲ ပြန်ဝင်လာတဲ့ အာကာသအမှိုက်ပေါင်း (၈၂၀) နီးပါးအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ရပြီး ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ထုတ်ပြန်ခဲ့တဲ့ သတိပေးချက် (၁၁၀) နဲ့ ယှဉ်ရင် အရမ်းကို များပြားလာတာဖြစ်ပါတယ်။

ဒီလို ဖြစ်စဉ်တစ်ခုက ကင်ညာနိုင်ငံ မူကူကူရွာအနီးမှာ ဖြစ်ပွားခဲ့တာပါ။ ဒုံးပျံတစ်ခုရဲ့ သံကွင်းကြီး တစ်ကွင်းဟာ စိုက်ပျိုးမြေပေါ်ကို ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေထုထဲ ပြန်ဝင်စဉ်မှာတင် လောင်ကျွမ်းပြာကျ သွားရမယ့် အဲဒီပစ္စည်းဟာ ပျက်စီးခြင်းမရှိဘဲ တစ်ခုလုံး ကျန်ရစ်ခဲ့ပြီး၊ နောက်ပိုင်းမှပဲ ဒါဟာ ကမ္ဘာပတ်လမ်းထဲမှာ ၁၆ နှစ်ကျော်ကြာ ရှိနေခဲ့တဲ့ ဒုံးပျံတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း စိစစ်သိရှိခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်ကပဲ ရော့ကက်ပေါင်း ၃၀၀ ကျော် လွှတ်တင်ခဲ့ပြီး၊ ဂြိုဟ်တု ထောင်ပေါင်းများစွာဟာလည်း ကမ္ဘာ့ပတ်လမ်းထဲမှာ လှည့်ပတ်နေကြပါတယ်။ အဲဒီဂြိုဟ်တု အများအပြားဟာ တာဝန်ပြီးဆုံးချိန်မှာ ကမ္ဘာ့လေထုထဲ ပြန်ဝင်လာကြစမြဲ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) က အပျက်အစီးတွေဟာ ဖလော်ရီဒါရှိ နေအိမ်တစ်အိမ်ပေါ် ကျရောက်ခဲ့တာ၊ စပေ့စ်အိတ်စ်ဒုံးပျံ အစိတ်အပိုင်းတွေ ပိုလန်မှာ ကျဆင်းခဲ့တာနဲ့ သက်တမ်းကုန်နေပြီဖြစ်တဲ့ တရုတ်ဂြိုဟ်တုတစ်ခု စပိန်နိုင်ငံ ကနေရီကျွန်းစုအထက်မှာ ပျက်စီးသွားခဲ့တာတွေ ပါဝင်ပါတယ်။ ဒါ့ပြင် အာကာသအမှိုက် အစိတ်အပိုင်းတွေကို ဩစတြေးလျနဲ့ ဖိလစ်ပိုင်တို့မှာလည်း တွေ့ရှိခဲ့ရပါတယ်။

လူတစ်ယောက်အနေနဲ့ အာကာသအမှိုက် ထိမှန်တာထက် မိုးကြိုးပစ်ခံရဖို့ ရာခိုင်နှုန်း ပိုများနေသေးတယ်ဆိုပေမဲ့ ပတ်လမ်းထဲက အရာဝတ္ထုတွေ ပိုများလာတာနဲ့အမျှ အန္တရာယ်လည်း ပိုကြီးလာနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အမေရိကန် ဖက်ဒရယ် လေကြောင်းဦးစီးဌာန (FAA) အတွက် ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ၂၀၃၅ ခုနှစ်အရောက်မှာ စပေ့စ်အိတ်စ် ဂြိုဟ်တုတွေကလာတဲ့ အပျက်အစီးတွေကြောင့်တင် ၂ နှစ်ကို တစ်ကြိမ်နှုန်းလောက် ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတာတွေ ဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် လေထုထဲ ပြန်ဝင်ချိန်မှာ လုံးဝဥဿုံ လောင်ကျွမ်းပြာကျသွားနိုင်တဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုကြဖို့ အစိုးရတွေနဲ့ ကုမ္ပဏီတွေကို ကျွမ်းကျင်သူတွေက တိုက်တွန်းထားကြပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အဲဒီလို လိုက်နာရမယ်ဆိုတဲ့ စည်းမျဉ်းဥပဒေမျိုး မရှိသေးပါဘူး။

အာကာသအမှိုက်တွေနဲ့ ပတ်သက်တဲ့ တာဝန်ယူမှုကို စီမံခန့်ခွဲတဲ့ ကုလသမဂ္ဂစာချုပ်အများစုဟာ စစ်အေးခေတ်ကတည်းက ရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ကုလသမဂ္ဂက အာကာသအမှိုက်ဆိုင်ရာ လမ်းညွှန်ချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့လည်း အဲဒါတွေဟာ မဖြစ်မနေ လိုက်နာရမယ့် ဥပဒေအဆင့် မရှိပါဘူး။

အတော်ဆုံး အာကာသသိပ္ပံပညာရှင်တွေပင်လျှင် ထိန်းချုပ်ထားခြင်းမရှိတဲ့ အာကာသအမှိုက်တွေ ဘယ်နေရာကို ပြုတ်ကျမလဲဆိုတာ တိတိကျကျ မခန့်မှန်းနိုင်ကြပါဘူး။ လေထုထဲ ပြန်ဝင်လာမယ့်အချိန်ကို ၁ မိနစ်မျှ လွဲမှား ခန့်မှန်းမိရုံနဲ့တင် ပြုတ်ကျမယ့်နေရာဟာ မိုင် ၃၀၀ နီးပါးအထိ လွဲချော်သွားနိုင်ပါတယ်။

ကျဆင်းလာတဲ့ အာကာသအမှိုက်ဟာ မိမိနိုင်ငံအတွင်းရှိ ကုမ္ပဏီ သို့မဟုတ် အေဂျင်စီတစ်ခုခုပိုင် ဖြစ်ပါက တောင်းဆိုမှုနဲ့ လျှော်ကြေးကိစ္စတွေကို မိမိနိုင်ငံ၏ ဥပဒေများအတိုင်း ဆောင်ရွက်လေ့ရှိပါတယ်။ သို့သော် အခြားနိုင်ငံမှ ကျလာသော အမှိုက်ဖြစ်ပါက အစိုးရများအနေဖြင့် လျှော်ကြေးတောင်းခံရန် ကုလသမဂ္ဂ စာချုပ်များကိုသာ အဓိက အားကိုးကြရပါတယ်။


REF: NDTV

#MNP #News

မူရင်းသတင်း — Myanmar National Post