
■ဒေါ်အောင်ဆန်းစုကြည်ထံ ICRC မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude က ယနေ့ (သြဂုတ် ၃ ရက်) နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းနှင့် ပြန်ကြားရေးဗျူရိုက ထုတ်ပြန်ခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude တို့ မည်သည့်ကိစ္စများ ဆွေးနွေးခဲ့သည်ကို သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
၂၀၂၁ ခုနှစ် နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တွေ့ဆုံခွင့်ရခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်လည်း ဖြစ်သည်။
၂၀၂၁ ခုနှစ် နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရသူမှာ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန်ပရာမတ်ဝီနိုင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်က တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းတို့ ၂၀၂၃ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာမှုကို ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒွန်ပရာမတ်ဝီနိုင်းက ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်က အင်ဒိုနီးရှားမြို့တော် ဂျာကာတာတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ဘေးဆွယ်အစည်းအဝေးပွဲများနှင့် ဆက်စပ်အစည်းအဝေးပွဲများတွင် သတင်းထောက်များအား ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းတွေ့ဆုံမှုသည် သီးသန့်တွေ့ဆုံမှုဖြစ်ပြီး အချိန်တစ်နာရီကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု အစရှိသည့် ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရခြင်းလည်းဖြစ်ကာ နောက်ပိုင်းတွင် ထောင်ဒဏ်ချမှတ်ထားသည့် အမှုများအနက် အမှုအချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံတွင် အမျိုးသားရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်း၊ အာဆီယံနှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများက တောင်းဆိုထားပြီး လက်ရှိ အာဆီယံနှင့် မြန်မာ့အရေးအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရိုက ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံခွင့်ကို တောင်းဆိုထားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ထံ ICRC မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ လာရောက်တွေ့ဆုံသည်ကို နိုင်ငံတော်သမ္မတရုံး သတင်းနှင့် ပြန်ကြားရေးဗျူရိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်နေအိမ်တွင် လက်ကျန်ပြစ်ဒဏ်များ ဆက်လက်ကျခံရန် နိုင်ငံတော်သမ္မတက ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။
နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ် ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေက အင်မတန်ကောင်းမွန်ပြီး ဆေးစစ်မှုများကိုလည်း ပုံမှန် ပြုလုပ်ပေးနေကြောင်း ဇွန် ၃၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေက အလွန်ကောင်းမွန်နေပါတယ်။ ဘာမှ ပြဿနာ မရှိပါဘူး။ ဘာအခက်အခဲမှမရှိပါဘူး။ အပြည့်အဝကို ကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်ပေးနေပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သလားဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ဒေါက်တာခိုင်ခိုင်စိုးက “ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုတွေနဲ့ ဥပဒေအရ အရေးယူခံထားရတယ်။ ပြစ်ဒဏ်ကျခံနေရသူ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီလိုနိုင်ငံတကာကိုယ်စားလှယ်တွေနဲ့တော့ တွေ့လို့မရပါဘူး။ ပြစ်ဒဏ်ကျခံပြီးသွားတဲ့အချိန်ကျရင်သာ ဒါက တွေ့ခွင့်ရရင် ရနိုင်ပါတယ်။ အခု အချိန်ကတော့ ပြစ်ဒဏ်ကျခံနေရသူ ဖြစ်တဲ့အတွက် တွေ့လို့မရပါဘူး” ဟု ပြောကြားသည်။