Eleven Media Group

လေးမျက်နှာမြို့နယ်တွင် ရေကြီးမှုကြောင့် မိုးစပါးစိုက်ဧက တစ်သောင်းကျော် ရေနစ်မြုပ်

ဧရာဝတီတိုင်း၏ မိုးစပါးစိုက်ဧကမှာ ၃ ဒသမ ၇ သန်းဖြစ်သည့်အတွက် မိုးစပါးစိုက်ပျိုးမှုအပေါ် ထိခိုက်မှုမရှိကြောင်း တိုင်းဒေသကြီးအစိုးအဖွဲ့ ထုတ်ပြန်

လေးမျက်နှာမြို့နယ်တွင် ရေကြီးမှုကြောင့် မိုးစပါစိုက်ဧက တစ်သောင်းကျော် ရေနစ်မြုပ်သော် လည်း ဧရာဝတီတိုင်း၏ မိုးစပါးစိုက်ဧကမှာ ၃ ဒသမ ၇ သန်းဖြစ်သည့်အတွက် မိုးစပါးစိုက်ပျိုးမှုအပေါ် ထိခိုက်မှုမရှိကြောင်း တိုင်းဒေသကြီးအစိုးအဖွဲ့က ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်သည်။

ဧရာဝတီတိုင်း၏မိုးစပါးစိုက်ဧကမှာ (၃.၇) သန်းစိုက်ပျိုးပြီး လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကမှာ သုံးသောင်းကျော်ဖြစ်ကြောင်း၊ လေးမျက်နှာမြို့နယ် ရေကြီးနစ်မြုပ်ခြင်းကြောင့်မိုးစပါစိုက်ဧက တစ်သောင်းကျော် ရေနစ်မြုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရေနစ်မြုပ်မှုသည် တိုင်းဒေသကြီးစပါးစိုက်ဧက၏ သုည ဒသမ ၃၁ ရာခိုင်နှုန်း ရှိသဖြင့် မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ပဲ တိုင်းဒေသကြီး၏ ဆန်ဖူလုံမှုသည် (၄၇၃)ရာခိုင်နှုန်းကျော်ရှိနေခြင်းကြောင့် စိုးရိမ်ပူပန်စရာမရှိကြောင်း၊ စပါးမှာလည်းရေနစ်မြုပ်မှုအား ၁၄ ရက်ခန်ခံနိုင်ရည်ရှိသဖြင့် ဤကာလအတွင်းရေကျသွားပါက ထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်သည်။

လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ဩဂုတ် ၁ ရက်အထိ အိမ်ထောင်စု ၁၇၀၀ ကျော်မှ လူဦးရေ ၈၃၀၀ ကျော် ရေဘေးသင့်ကြောင်း သိရသည်။

အဆိုပါ ငဝန်တာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် လေးမျက်နှာမြို့ ရပ်ကွက်ငါးခုနှင့် ကျေးရွာ ကိုးရွာရှိ အိမ်ခြေ ၁၇၃၄ လုံး၊ အိမ်ထောင်စု ၁၇၆၄ စုမှ လူဦးရေ ၈၃၈၂ ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာဖိုး ငွေကျပ်သန်း ၄၁ ဒသမ ၉၁၀ နှင့် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကြက်ဥနှင့် ရေသန့်စသည့် အခြေခံစားသောက်ကုန်များအတွက် တန်ဖိုးငွေကျပ် ၄၁ ဒသမ ၆၅၁ သန်းကျော် စုစုပေါင်း တန်ဖိုးငွေကျပ် ၈၃ ဒသမ ၅၆၁ သန်းကျော်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စားသောက်ဖွယ်ရာများကို ဩဂုတ် ၁ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် အတူ စာရေးကွင်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာအလျားပေ ၃၀ ခန့်တွင် ငါးပေနိမ့်ဆင်းပြီး အကျယ်ပေ ၁၇၀ ကျိုးပေါက်မှုကို ပြန်လည်ပြုပြင်တည်ဆောက်မည့်အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နှင့် အနီးဝန်းကျင် ရေဘေးအန္တရာယ် ကျရောက်နိုင်သဖြင့် အရေးပေါ် ရွှေ့ပြောင်း/သတိပြုနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဇူလိုင် ၃၀ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မြစ်ရေတွန်းအားကြောင့် ငဝန်ရေကာတာ၏ တာဘောင် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် တာအတွင်းဘက်သို့ မြစ်ရေများ အနက် ၂ ဒသမ ၅ ပေခန့် စတင်ဝင်ရောက်လျက်ရှိနေကြောင်း၊ တာအတွင်းသို့ ဝင်ရောက်လာသော မြစ်ရေများသည် အရှေ့ဘက် မြစ်ကျိုးအင်း၊ အရှေ့မြောက်ဘက် ချောင်းဇောက် ၊ စာရေးကုန်းချောင်း ၊ ဒါးကမြစ်အတွင်းသို့ စီးဝင်နိုင်သည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်သည်။

ယင်းကြောင့် အနိမ့်ပိုင်းလယ်ကွင်းများ၊ လေးမျက်နှာမြို့အတွင်းရှိ အနိမ့်ပိုင်း ရပ်ကွက်များနှင့် စိုက်ပျိုးမြေများ အနီးနေထိုင်သူများအနေဖြင့် ဘေးလွတ်ရာ ကုန်းမြင့်များ၊ စက်ရုံ/ကျောင်းများ/ဓမ္မာရုံများနှင့် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ ချက်ချင်းအရေးပေါ် ရွှေ့ပြောင်းကြရန်၊ ပစ္စည်းများနှင့် သက်ကြီး/ကလေးများ - တန်ဖိုးရှိ စာရွက်စာတမ်းများ၊ ဆေးဝါး၊ အစားအစာများနှင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များကို ရှေ့ဦးစွာ လုံခြုံသောနေရာသို့ ပို့ဆောင်ထားကြပါရန်၊ လျှပ်စစ်အန္တရာယ် သတိပြုရန် - မိမိတို့အိမ်ရှိ လျှပ်စစ်မိန်းခလုတ်များကို ပိတ်ထားကြပါရန်၊ အခက်အခဲရှိပါက ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များထံ ချက်ချင်းဆက်သွယ်အကူအညီတောင်းခံကြပါရန်နှင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ သက်ဆိုင်ရာ၏ အရေးပေါ် ညွှန်ကြားချက်များကို အတိအကျလိုက်နာ၍ ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြပါရန် အစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — Eleven Media Group