
ဩဂုတ်လ ၃ ရက် နံနက်စောစောပိုင်းက အီဂျစ်နိုင်ငံ အရှေ့ပိုင်းတွင် ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုသတင်းများ ချက်ချင်းမရရှိသေးသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးပေါ်တုံ့ပြန်ရေး အစီအ စဉ်များကို စတင်ဆောင်ရွက်လျက်ရှိသည်။
ငလျင်၏ တုန်ခါမှုကို ကျယ်ပြန့်သော ဧရိယာအနှံ့ ခံစားခဲ့ရပြီး မြို့တော် ကိုင်ရိုရှိAFP သတင်းထောက်များကိုနိုးစေခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ်နယ်စပ်အနီးရှိ အယ်လ်-အရိရှ်မြို့အထိ တုန်ခါမှု သက်ရောက်ခဲ့သည်။
အီဂျစ် အမျိုးသား နက္ခတ်ဗေဒနှင့် ရူပဗေဒ သုတေသနအဖွဲ့ (NRIAG)၏ ထုတ်ပြန်ချက်အရ အဆိုပါ ငလျင်သည် နံနက် ၃ နာရီခန့်တွင် စူးအက်မြို့၏ မြောက်ဘက် ကီလိုမီတာ ၄၀ အကွာကို ဗဟိုပြု၍ လှုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲ ငလျင် ငါးကြိမ်ထက်မနည်း လှုပ်ခဲ့သည်ဟု သိရသည်။
NRIAG က စတင်ခန့်မှန်းထားသည့် ပြင်းအား ၅ ဒသမ၂ကို ပြင်းအား ၅ဒသမ ၆ ဟု ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့သည်။
အမေရိကန် ဘူမိဗေဒလေ့လာရေး အေဂျင်စီ(USGS) ကမူ မြေပြင်အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်ကို ယခင်ခန့်မှန်းချက်ထက် လျှော့ချကာ ပြင်းအား ၅ ဒသမ သုညဟု သတ်မှတ်ခဲ့သည်။
အီဂျစ် ကျန်းမာရေးဝန်ကြီး ခါးလစ် အဘဒယ်ဂါဖာက တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်များကို စတင်ရန် ညွှန်ကြားထားပြီး လူနာတင်ယာဉ်များကိုလည်း "အမြင့်ဆုံး အသင့်ပြင်ဆင်ထားရှိရေး" ဆောင်ရွက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ကိုင်ရို မြောက်ပိုင်းရော့ဒ်အယ်လ်-ဖာရဂ်ရပ်ကွက်တွင် ပြိုကျလုနီးပါးဖြစ်သွားသည့် အဆောက်အအုံအတွင်းမှ မိသားစုသုံးစုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။
Ref:AFP
AFP photos