Myanmar National Post

ပြည်ထောင်စုမပြိုကွဲရေးဟူသော အခြေခံမူကိုတစိုက်မတ်မတ် စောင့်ထိန်းကာ ပြည်ထောင်စုစနစ်အတွင်း အခြေပြု၍ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဥက္ကဋ္ဌ ပြော



နေပြည်တော်၊ ဩဂုတ် ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာ တွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ် ချက်များ မထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၁-၄-၂၀၂၆ တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါသည်။

ထိုသို့ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်း၊ ၁၇၁ စစ်ဒေသနိုင်ငံရေးမှူး ဦးထင်ဆမ်ရုန်း၊ တပ်မဟာ ၄၈၅ တပ်မဟာမှူး ဦးပေါက်ကျွင်းလုံ၊ တပ်မဟာ ၄၆၈ နိုင်ငံရေးမှူး ဦးကျောက်ရှောက်ဖူ၊ ဒုတိယစစ်ဦးစီးမှူး ဦးလီကော်ဖျင်နှင့် လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးကျောက်ညီရန်း တို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယနေ့ တွေ့ဆုံဆွေးနွေးပွဲသည် အစိုးရသစ်တက်လာပြီးနောက်ပိုင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ညှိနှိုင်းရေးကော်မတီအနေဖြင့် ပန်ဆန်းမြို့ တွေ့ဆုံဆွေးနွေးပွဲမှ ဆွေးနွေးခဲ့သည့် ဒေသဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ဆက်လက်တင်ပြပေးခဲ့ကြောင်း၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) နှင့် ပိုမိုကောင်းမွန် သည့် နိုင်ငံရေးအခင်းအကျင်းများရရှိလာရေးအတွက် အသေးစိတ် ဆက်လက်ဆွေးနွေးပေးစေ လိုကြောင်းနှင့် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး နှင့် ဒေသဖွံ့ဖြိုးရေးကိစ္စ များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတရာထူးတာဝန် ထမ်းဆောင်ခြင်းကို ထပ်လောင်း ဂုဏ်ပြုအပ်ပါကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေးဟူသော အခြေခံမူကိုတစိုက်မတ်မတ် စောင့်ထိန်းကာ ပြည်ထောင်စုစနစ်အတွင်း အခြေပြု၍ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအပေါ် လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့သည် နိုင်ငံတော်အစိုးရက ရှေ့ဆက်လက်ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံပြီး သဘောထား ကွဲလွဲမှု များကို ဖြေရှင်းနိုင်ရန် အမြဲလိုက်နာ ကျင့်သုံးလျက်ရှိကြောင်းနှင့် ပြည်သူလူထု၏ လုံခြုံမှုကို အခြေခံ အုတ်မြစ်အဖြစ် ခိုင်မာစေကာ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှု စသည့် အမျိုးမျိုးသော ပြစ်မှု ဆိုင်ရာများကို ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းသွားမည်ဖြစ်ကြောင်းတို့အား ပြောကြားသည်။

ဆက်လက်၍ ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း (ငြိမ်း)က “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP)၏ နိုင်ငံရေးလိုလားချက်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (အငြိမ်းစား)က နိုင်ငံတော်အစိုးရ ရှေ့ဆက်လက် ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် ပိုမိုပါဝင်နိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ မူဘောင်အား ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာသူများက ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ပန်ဆန်းမြို့၌ NSPNC ဥက္ကဋ္ဌ အဖွဲ့နှင့် UWSP အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်အကြား အဆင့်မြင့် တိုက်ရိုက် ဆက်သွယ်ဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်ခဲ့ပြီး နေပြည်တော်သို့ ရောက်ရှိဆွေးနွေးနိုင်မှု အဆင့်ထိ ရောက်ရှိစေခဲ့ကြောင်း၊ NSPNC နှင့် UWSP အကြား ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ထားရှိခြင်းဖြင့် ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အကောင်အထည်ဖော်မှုအပေါ် ပိုမို အထောက်အကူ ဖြစ်စေပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးသို့ ဦးတည်ရောက်ရှိစေ နိုင်မည်ဖြစ်ကြောင်း လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအပေါ်အခြေခံပြီး လက်တွေ့ကျသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးပြီး ဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဆွေးနွေးပွဲ ဒုတိယနေ့ကို ဩဂုတ်လ ၄ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။


#MNP #News


မူရင်းသတင်း — Myanmar National Post