
မြန်မာနိုင်ငံ အခြေခံပညာရေးသမိုင်းကို ပြုစုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
သြဂုတ် ၃ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည့် မြန်မာ့အခြေခံပညာရေးသမိုင်း ပြုစုရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို မျိုးဆက်သစ်များသိရှိနားလည်ပြီး တန်ဖိုးထားထိန်းသိမ်းရန်၊ ခေတ်အလိုက် သမိုင်းမှတ်တမ်းတင်ထားမှုများကို ခိုင်ခိုင်မာမာပြသသွားနိုင်ရန်၊ မြန်မာတို့၏ ဘုန်းတန်ခိုးကြီးမားခဲ့သည့် သမိုင်းဖြစ်ရပ်များကို မြင်တွေ့ခံစားနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ အခြေခံပညာရေးသမိုင်းကို ပြုစုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် ပညာရေးသမိုင်းနှင့်ပတ်သက်၍ ပဒေသရာဇ်ခေတ် ပညာရေးစနစ်အခြေအနေ၊ ကိုလိုနီခေတ်ပညာရေးစနစ်၏ ပြောင်းလဲမှုများနှင့် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ ပညာရေးအခြေအနေကို ရေးသားပြုစုနိုင်ရန် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သမိုင်းပညာရှင် ဆရာကြီး၊ ဆရာမကြီးများ၊ တက္ကသိုလ်များမှ သမိုင်းဘာသာရပ် ဆရာကြီး၊ ဆရာမကြီးများက ဆွေးနွေးခဲ့ကြောင်း သိရသည်။