Eleven Media Group

■ ရေဘေးအန္တရာယ်ကြောင့် ရေကြည်မြို့ပေါ်သို့ ကြိုတင်ရွှေ့ပြောင်းမှုများရှိနေ

ရေဘေးအန္တရာယ်ကြောင့် ရေကြည်မြို့ပေါ်သို့ ကြိုတင်ရွှေ့ပြောင်းမှုများရှိနေကြောင်း သိရသည်။

လက်ရှိတွင် ရေကြည်မြို့ရှိ မိုးလုံလေလုံ အားကစားရုံ၌ ရေဘေးရှောင်စခန်း ဖွင့်လှစ်ကာ ခိုလှုံခံခွင့်ပေးနေပြီဖြစ်ကြောင်းလည်း သိရသည်။

“ရေကြည်မြို့မှာလည်း ရေဘေးရှောင်တွေရှိလာပါပြီ။ ဒယ်ကုန်းရွာထိ ရေရောက်လာပြီလို့ သိရပါတယ်။ ရေဘေးရှောင်တွေကို ရေကြည်မြို့ မိုးလုံလေလုံ အားကစားရုံမှာ ထားထားပါတယ်။ ရေက ငါးသိုင်းချောင်းဘက်ကို လာနေတော့ ငါးသိုင်းချောင်းမြို့ပေါ်တောင် သတိထားနေရပြီလို့ သိရပါတယ်။ ဒယ်ကုန်းရွာဘက်က ရေဘေးရှောင်တွေက လမ်းပြင်တဲ့ ရထားတွဲလေးနဲ့ ရေကြည်ဘူတာထိ လာကြတယ်။ သွားတည်းစရာ ဆွေမျိုးမရှိတဲ့သူတွေက မိုးလုံလေလုံ အားကစားအားကစားရုံမှာ လာရောက်ခိုလှုံကြပါတယ်။ ကျွန်တော်တို့ကတော့ ဘူတာကနေ မိုးလုံလေလုံကို ပို့ပေးနေပါတယ်။ ခုဆို လူဦးရေ ၂၀၀ လောက်ဖြစ်သွားပြီ။ နောက်ထပ်လာဖို့လည်း ရှိသေးတယ်လို့ သိရပါတယ်”ဟု ကရုဏာလူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက ဖြေကြားသည်။

ရေကာတာ ကျိုးပေါက်ခဲ့ပြီးနောက် လေးမျက်နှာမြို့နယ်၌ ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေပြီး ဆက်စပ် ရေကြည်မြို့နယ်သို့ ဆက်လက်ဝင်ရောက်လာသဖြင့် ရေဘေးရှောင်မှုများရှိလာခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group