နေပြည်တော်၊ သြဂုတ်-၅
ရှေးဟောင်းဝတ္ထုပစ္စည်းအရေအတွက် စုစုပေါင်း ၁၁၇၃ ခုကို အပ်နှံခဲ့ခြင်းအတွက် အပ်နှံပေးသူများကို ဆုကြေးချီးမြှင့်ငွေကျပ် ၁၀၄၉ သိန်းကျော် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ကုန်းဘောင်ခေတ်၊ ဝေသာလီခေတ်နှင့် မြောက်ဦးခေတ်လက်ရာများဖြစ်သည့် ရွှေပန်း ကနုတ်အပိုင်းအစ၊ ငွေဒင်္ဂါး၊ ကျောက်ကွင်း၊ ကျောက်ပုတီးစေ့၊ ကြေးအလေး၊ ကြေးခလောက်၊ ကြေးသတ္တုစပ်ပြား၊ မြေထည်ပစ္စည်းများ စသည့် တို့ အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နေပြည်တော် ပျဉ်းမနားမြို့နယ် ပန်းခင်း(၃)လမ်းနေ ဦးဝင်းကိုကို၊ နေပြည်တော် ပျဉ်းမနားမြို့နယ် သဲကျွန်းကျေးရွာမှ ဦးမောင်မောင်ဆွေ၊ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျောက်တိုင်ကျေးရွာမှ ဦးရဲရင့်ဇော်၊ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာမှ ဦးဝင်းမင်းထွန်း၊ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာမှ ဦးစိုးမင်း၊ မွန်ပြည်နယ်ရေးမြို့နယ် ခေါဇာမြို့ ရာဇာဓိရာဇ်လမ်းနေ ဦးဉာဏ်လင်းထက်တို့က ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံခဲ့သည့်အတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ က နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများကို အကြောင်းအမျိုးမျိုးဖြင့် တွေ့ရှိခြင်းဖြင့်သော်လည်းကောင်း၊ ဝါသနာအလျောက် စုဆောင်းထားခြင်းဖြင့်သော်လည်းကောင်း ရရှိသိမ်းဆည်းထားပြီး နိုင်ငံတော်သို့ အပ်နှံနိုင်ကြောင်း သိရသည်။
ရွှေထည်ပစ္စည်းများဖြစ်ပါက ပညာရှင်အဖွဲ့၏ စိစစ်သုံးသပ်ချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ အရည်အသွေးစစ်ဆေး၍ အရည်အသွေးနှင့်အလေးချိန်ကို ယင်းနေ့ပြင်ပပေါက်ဈေးဖြင့် မူလတန်ဖိုးတွက်ချက်၍ ပျူခေတ်လက်ရာပစ္စည်းများဆိုပါက မူလတန်ဖိုးများအပြင် ခေတ်ကာလတန်ဖိုး ရာခိုင်နှုန်း ၈၀၊ ခေတ်လက်ရာတန်ဖိုး ရာခိုင်နှုန်း ၄၀ မှ ၈၀ အထိအပြင် ထပ်ဆောင်းတန်ဖိုးပါချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပုဂံခေတ်လက်ရာပစ္စည်းများဖြစ်ပါက ခေတ်ကာလတန်ဖိုးရာခိုင်နှုန်း ၇၀၊ ခေတ်လက်ရာတန်ဖိုး ရာခိုင်နှုန်း ၄၀ မှ ၇၀ အထိအပြင် ထူးခြားရှားပါးသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ထပ်ဆောင်းတန်ဖိုးအဖြစ် ကာလတန်ဖိုး၏ ရာခိုင်နှုန်း ၄၀ မှ ၈၀ အထိ ထပ်မံချီးမြှင့်ပေးသည့်အတွက် ရှေးဟောင်း ဝတ္ထုပစ္စည်းများကို အနည်းဆုံး ခေတ်ကာလ ပေါက်ဈေး၏ နှစ်ဆခွဲမှ သုံးဆခွဲကျော်အထိ ဆုကြေး ငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။