Popular Myanmar

တွန်းဇံမြို့ပြည်သူဆေးရုံတွင် အသေးစားခွဲစိတ်ကုသလူနာ ၂၈ ဦး၊ အကြီးစား ခွဲစိတ်လူနာလေးဦး တို့ကို ကုသပေးနိုင်ခဲ့

တွန်းဇံ၊သြဂုတ်-၅

ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၉၄ ဦးဖြင့် ယနေ့အထိ အတွင်းလူနာ ၆၀၊ ပြင်ပလူနာ ၄၄၆ ဦး၊ အသေးစားခွဲစိတ်ကုသလူနာ ၂၈ ဦး၊ အကြီးစား ခွဲစိတ်လူနာလေးဦးနှင့် မီးဖွားလူနာနှစ်ဦးတို့အား ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆေးရုံ အဆောက်အအုံသစ်ဆောက်လုပ်ပြီးစီးမှုနှင့် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ထောက်ပံ့ပေးပို့ ထားရှိသည့် ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ထားရှိမှု၊ ဆိုလာတပ်ဆင်အသုံးပြု၍ ကာကွယ်ဆေးများ သိုလှောင်ထိန်းသိမ်း ထားရှိမှုအခြေအနေများကို လည်း ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့ပြင် တွန်းဇံမြို့အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး အခြေခံပညာအထက် တန်းကျောင်း ယာယီခန်းမတွင် လမင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကို ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ကာ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

တွန်းဇံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ရက် ၁၀၀ စီမံချက်ကာလအတွင်း မှတ်ပုံတင်ကတ်ပြား ၅၈၀ ဆောင်ရွက်ပေး အပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တွန်းဇံမြို့နယ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း ၆၃ ကျောင်း ဖွင့်လှစ်ထားရှိပြီး ကျောင်းအပ်နှံ တက်ရောက်သူ ၄၇၃၂ ဦးရှိကာ ကျောင်းဆရာ ဆရာမ ၂၇၁ ဦးတို့ က ပညာသင်ကြားပေးလျက်ရှိသည်။

မူရင်းသတင်း — Popular Myanmar