Popular Myanmar

တိုင်ဖွန်း DOLPHIN အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးများအတွက် ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ အသင့်ပြင်ဆင်ထား

ညောင်ဦး၊ ဩဂုတ် ၅

တိုင်ဖွန်းမုန်တိုင်းကြီး DOLPHIN ၏ အရှိန်သက်ရောက်မှုကြောင့် ညောင်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန် ညောင်ဦးမြို့နယ် မီးသတ်စခန်းတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဩဂုတ် ၅ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ညောင်ဦးမြို့နယ် မီးသတ်စခန်းရှိ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်နှင့် စက်ပစ္စည်းများ အသင့်စုဖွဲ့ထားရှိခြင်း၊ ရေဘေးကယ်ဆယ်ရေးအတွက် ရေယာဉ်များ အသင့်ပြင်ဆင်ထားရှိခြင်းနှင့် မုန်တိုင်းသတိပေးချက်များကို လှည့်လည်ဆော်ဩခြင်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် အရေးပေါ်အကူအညီ လိုအပ်ပါက ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန အရေးပေါ်ဖုန်းနံပါတ် ၁၉၁ နှင့် ရုံးဂျူတီဖုန်း ၀၆၁-၂၄၆၀၁၉၁ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းကိုလည်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

ခန့်မှန်းချက်များအရ တိုင်ဖွန်းမုန်တိုင်းကြီး DOLPHIN သည် တရုတ်နိုင်ငံ အရှေ့တောင်ဘက်ကမ်းရိုးတန်းသို့ ချဉ်းကပ်ဝင်ရောက်ချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအပေါ် မုတ်သုံလေ အားကောင်းလာစေနိုင်ပြီး စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

အထူးသဖြင့် ဩဂုတ် ၅ ရက်နှင့် ၆ ရက်တို့တွင် မိုးသည်းထန်နိုင်ပြီး မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှု၊ ချောင်းရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့်အပြင် တောင်တန်းဒေသများတွင် မြေပြို၊ တောင်ပြိုမှုများကိုလည်း သတိပြုရန် လိုအပ်ကြောင်း အသိပေးထားသည်။

တာဝန်ရှိသူများအနေဖြင့် မြစ်၊ ချောင်းများအနီးနှင့် ရေစီးကြောင်းများရှိရာ ဒေသများတွင် နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကာ အရေးပေါ်အခြေအနေများအတွက် ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ – ညောင်ဦးမီးသတ်တပ်ဖွဲ့

မူရင်းသတင်း — Popular Myanmar