ရန်ကုန်၊ သြဂုတ်-၅
E-Sports World Cup 2026 (MLBB) တွင် ဒုတိယဆုဆွတ်ခူးခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅ သိန်း ချီးမြှင့်ခံရကြောင်း သိရသည်။
မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) MLBB အသင်းသည် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ဇူလိုင် ၂၂ ရက်မှ ဩဂုတ် ၁ ရက်အထိ ကျင်းပခဲ့သည့် E-Sports World Cup 2026 (Mobile Legends: Bang Bang) ပြိုင်ပွဲတွင် 1st Runner-Up (ဒုတိယဆု) ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ အသင်းသည် မြန်မာနိုင်ငံသို့ ယမန်နေ့က China Southern Airlines လေကြောင်းလိုင်းဖြင့်ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားသမားများ၏ မိသားစုဝင်များနှင့် ပရိသတ်များက ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အသင်း ၂၅ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Yangon Galacticos အသင်းသည် အုပ်စုပွဲစဉ်များ၊ ရှုံးထွက်အဆင့်များ၊ အကြိုဗိုလ်လုပွဲတို့ကို ဖြတ်ကျော်ပြီး ဗိုလ်လုပွဲတွင် ရုရှားနိုင်ငံမှ Team Spirit အသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ (၃-၄) ရလဒ်ဖြင့် အရေးနိမ့်ခဲ့သော်လည်း ကမ္ဘာ့အဆင့်ပြိုင်ပွဲ၌ ဒုတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။
ချန်ပီယံဆုကို ရရှိသည့် Team Spirit အသင်းက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်း ရရှိခဲ့ကြောင်း သိရသည်။