Eleven Media Group

■ ပြင်ဦးလွင်မြို့နယ်ရှိ တိုးချဲ့ရပ်ကွက်ကြီး၁၁ခုအား မြေငှားဂရန်ခွင့်ပြုခြင်းကို  ၅နှစ်စီမံချက်ဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွားမည်

ပြင်ဦးလွင်မြို့နယ်ရှိ တိုးချဲ့ရပ်ကွက်ကြီး၁၁ခုအား မြေငှားဂရန်ခွင့်ပြုခြင်းကို ၅နှစ်စီမံချက်ဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တတိယအကြိမ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယပုံမှန်အစည်းအဝေးကျင်းပသည့် ဒုတိယနေ့ သြဂုတ်လ၅ရက်တွင် "ပြင်​ဦးလွင်မြို့တွင် တိုးချဲ့ဖွဲ့စည်းသည့် ရပ်ကွက်ကြီး(၁၁)ခုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂရန်ထုတ်ပေးရန် အစီစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်းကို ပုသိမ်ကြီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးပိုအေးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

မေးခွန်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက " ပြင်ဦးလွင်မြို့နယ်သည် ရပ်ကွက်ကြီး ၂၁ရပ်ကွက် ကျေးရွာအုပ်စု၃ရအုပ်စု စုစုပေါင်း ၅၈အုပ်စုဖြင့် ဖွဲ့စည်းထားရှိပြီး ရပ်ကွက်ကြီး ၂၁ရပ်ကွက်အနက် ရပ်ကွက်ကြီး ၁မှ ၁၀ အထိ ရပ်ကွက်ကြီး ၁ဝခုသည် မူလမြို့မြေများဖြစ်သောကြောင့် ဂရန်ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန် ရပ်ကွက်ကြီး၁၁မှ ရပ်ကွက်ကြီး ၂၁ထိသည် ၂၀၀၆ခုနှစ်မှသာ တိုးချဲ့ဖွဲ့စည်းခဲ့သည့်ရပ်ကွက်များဖြစ်သဖြင့် အဆိုပါနေရာများတွင် ၆၄လက်မ တစ်မိုင်စကေးဖြင့် မြို့ကွက်မြေပုံကွက်စိပ်၊ ကွက်ကျဲ​မြေတိုင်းတာခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ရပ်ကွက်ကြီး ၂၁၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍနှစ်အတွက် ရပ်ကွက်ကြီး ၁၂၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရပ်ကွက်ကြီး ၁၁​၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရပ်ကွက်ကြီး ၁၈နှင့် ရပ်ကွက်ကြီး ၁၉၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ရပ်ကွက်ကြီး ၁၄ တို့ကို ၅နှစ်စီမံချက်ဖြင့် နှစ်စဉ်တိုင်းတာဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့မြေတိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ရပ်ကွက်၌လည်း ဘဏ္ဍာရေးနှစ်အလိုက် လျာထားတင်ပြ၍ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အဆိုပါ မြို့ကွက်မြေပုံ ကွက်စိပ်၊ ကွက်ကျဲ​မြေတိုင်းတာခြင်းလုပ်ငန်းများတိုင်းတာဆောင်ရွက်ပြီး မြေမျိုးပြောင်းလဲပြင်ဆင်တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ပြီးပါက မြေငှားဂရန်လျှောက်ထားလိုသူများအနေဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လျှောက်ထားနိုင်ကြောင်းနှင့် အဆိုပါမြေငှားဂရန်လျှောက်ထားလာမှုအပေါ် မြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ပြည့်စုံမှန်ကန်ပါက မြေဧရိယာဧကအလိုက် စိစစ်ထောက်ခံတင်ပြခြင်း၊ မြေငှားဂရန်ခွင့်ပြုခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း " ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိ ပြင်ဦးလွင်မြို့နယ်ရှိ မြေယာကွင်းဆင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ " ကျွန်တော် ကွင်းဆင်းစစ်ဆေးချက်အရတော့ လတ်တလော ကွက်စိပ်၊ ကွက်ကျဲ ထိုးမထားသေးဘူး။ ဆက်လက်အကောင်အထည်မဖော်ဘူးဆိုရင်တော့ မေးခွန်းတွေ ထပ်မေးသွားမယ်။ ပြင်ဦးလွင်က မြို့ငယ်သလောက် မြေယာရှုတ်ထွေးမှုအများကြီးရှိတယ်။ ပြည်သူများရဲ့ မြေယာပိုင်ဆိုင်မှုအတွက် ဂရန်ထုတ်ပေးဖို့မေးရတဲ့ရည်ရွယ်ချက်က ပိုင်ဆိုင်တဲ့သူတွေအတွက် တရားဝင်အထောက်အထား၊ လုံခြုံရေးနှင့် တရားဝင်မှုအတွက် ရချင်လို့ပါပဲ" ဟု မေးခွန်းမေး​မြန်းခဲ့သည့် ဦးပိုထွေးက ​ဖြည့်စွက်ပြောကြားခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ထပ်တိုးချဲ့သည့် ရပ်ကွက်ကြီး ၁၁မှ ၂၁အထိ ရပ်ကွက်ကြီး ၁၁ခုလုံးတွင် ဂရန်ချထားပေးမှုလုံးဝမရှိသေးကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group