Eleven Media Group

ဆည်တော်ကြီး ရေလှောင်တမံတွင် သြဂုတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ တိုင်ထွာချက်အရ ကန်ရေပြည့်အမှတ် ၄၁၉ ဒသမ ၅ ပေသို့ ရောက်ရှိနေပြီး တမံကြံ့ခိုင်မှု ကောင်းမွန်လျှက်ရှိကာ စိုးရိမ်ဖွယ်မရှိဟု သိရ

ဆည်တော်ကြီး ရေလှောင်တမံတွင် သြဂုတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ တိုင်ထွာချက်အရ ကန်ရေပြည့်အမှတ် ၄၁၉ ဒသမ ၅ ပေသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရှိရသည် ။

မိုးကုတ်မြို့တွင် ယနေ့နံနက်ပိုင်းက မိုးရေချိန် ၄ ဒသမ၂၅ လက်မရွာသွန်းမှုကြောင့် ဆည်အတွင်း ရေဝင်များပြားလျက်ရှိရာ တမံအောက်ဘက်ရှိ ကျေးရွာများ ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန်အတွက် ထိန်းညှိ စီမံဆောင်ရွက်လျှက်ရှိကြောင်းနှင့် တမံကြံ့ခိုင်မှုမှာ ကောင်းမွန်လျှက်ရှိ ပြီး စိုးရိမ်ဖွယ်မရှိကြောင်း ဆည်တော်ကြီးရေလှောင်တမံ FB စာမျက်နှာမှ ထုတ်ပြန်ထားသည် ။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အရှေ့မြောက်ဘက်ရှိ ဆည်တော်ကြီးရေလှောင်တမံမှာ ကန်ရေပြည့်မှတ်သို့ရောက်ရှိရန် ၁ ပေခွဲခန့်သာ ကျန်ရှိတော့သည့် သြဂုတ်လ ၃ ရက်နေ့ညမှ စတင်ကာ ရေပိုလွှဲတံခါးများကို ဖွင့်ထုတ်လျက်ရှိသော်လည်း ယခုအခါ ကန်ရေပြည့်အမှတ်သို့ ရောက်ရှိလာခြင်းဖြစ်သည် ။

ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်မှတ်မှာ ၄၁၉ ဒသမ ၅ ပေ၊ ရေလှောင်ပမာဏ ၃၆၃၀၀၀ ဧကပေ ဖြစ်ပြီး
ယင်သို့ ရေပိုလွှဲများ ဖွင့်ထုတ်မှုမှာ ဆည်တော်ကြီးရေလှောင်တမံ၏ ကြံ့ခိုင်မှုကို ထိခိုက်မှုမရှိစေရန်နှင့် ဆည်အောက်ဘက်ရှိ ကျေးရွာများ ရေဘေးအန္တရာယ်ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ထိန်းညှိဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရှိရသည် ။

လက်ရှိတွင် ဆည်အောက်ဘက်ပိုင်းရှိ အနိမ့်ပိုင်းဒေသများတွင် သတိပြုနေထိုင်ကြရန်နှင့် မတ္တရာမြို့နယ်အတွင်းရှိ တံငါတံတား၏ လက်ရှိရေအမှတ်မှာလည်း (၉၅ ဒသမ ၆) သို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း သိရှိရသည် ။

ဆည်အောက်ဘက်ရှိ ကျေးရွာများနှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှာ ရေများကျော်လွန်၍ စတင်ဝင်ရောက်နေပြီဖြစ်သဖြင့် ပုဂံစု၊ ရေချောင်း၊ သပြေချောင် နှင့် အင်းသကား ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အမြန်ဆုံး ကုန်းမြင့်ပိုင်းများသို့ အရေးပေါ် ပြောင်းရွှေ့နေထိုင်ကြရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီ မှ အသိပေး နှိုးဆော်လျက်ရှိသည် ။

ထို့ပြင်အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနိုင်ရန် "မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီ" အနေဖြင့် အကောင်းဆုံး စုဖွဲ့ပြင်ဆင်ထားလျက် ရှိကြောင်း ထုတ်ပြန်ထားသည် ။

"လက်ရှိအချိန်ထိ မိုးကုတ် မန္တလေးလမ်းပိုင်းမှာ သွားလာလို့ အဆင်ပြေနေပါတယ် ။ လမ်းရေမကျော်သေးပါဘူး ။မနက်ပိုင်းက မိုးရွာသွန်းမှု အခြေအနေအရ ဆည်အောက်ဘက်ပိုင်းက ကျေးရွာတချို့ကို ကုန်းမြင့်ပိုင်း ပြောင်းရွှေ့ဖို့ ဆော်သြထားတာပါ ။အရေးပေါ် ပြောင်းရွှေ့တာမျိုး မရှိသေးပါဘူး " ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ လက်ပန်လှ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည် ။

■ ဓာတ်ပုံ - ဆည်တော်ကြီးရေလှောင်တမံFB

မူရင်းသတင်း — Eleven Media Group