Eleven Media Group

အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း လျာထားဧရိယာအတွင်းရှိ ဖယ်ရှားခံရမည့်နေရာတွင် နေထိုင်သူများက လွှတ်တော်ကိုယ်စားလှယ်များအား တင်ပြတောင်းဆို

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လျာထားဧရိယာအတွင်းရှိ ဖယ်ရှားခံရမည့်နေရာတွင်နေထိုင်သူများက လွှတ်တော်ကိုယ်စားလှယ်များအား တင်ပြတောင်းဆိုခြင်းနှင့်တွေ့ဆုံပွဲကို သြဂုတ်လ၅ရက်က ရွှေဘုံသာတိုက်ဟောင်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လယ်ယာမြေများတွင် အခြားနည်းသုံးစွဲခွင့်မရှိသော်လည်း အကွက်ရိုက်ရောင်းချ နေအိမ်ဆောက် လူနေထိုင်မှုများရှိသဖြင့် အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအုပ်စုကွင်းအမှတ် ၆၀၃ (မြို့ပတ်လမ်းအရှေ့ဘက်ခြမ်း)တွင် မြေကွက်ရိုက်ဖော်ဆောင်ခြင်း၊ ဝန်းခြံကာရံခြင်း၊ လမ်းခင်းကျောက်ရိုးစီခြင်း၊ အဆောက်အဦး ဆောက်လုပ်အသုံးပြုနေကြောင်း စိစစ်တွေ့ရှိခဲ့ရာ လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (ဂ ၊ ဃ) တို့ဖြင့် လက်ရှိနေထိုင်သူများကို လယ်ယာမြေပေါ်မှ ထွက်ခွာသွားရန်၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက် လုပ်ထားသည့် အဆောက်အဦးများ ကို သြဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အမိန့်ထုတ်ပြန်ခဲ့ပြီး လိုက်နာမှုမရှိပါက သက်ဆိုင်ရာတရားရုံးများမှ တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ တရားစွဲဆိုဆောင်ရွက်မည်ဟု မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုသို့ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဒေသခံများက အမရပူရမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ​ဦးဇော်အောင်ထက်နှင့်ဒေါ်စောမြိုင်တို့နှင့် တွေ့ဆုံခဲ့ကြပြီး ဒေသခံများက ၎င်းတို့လိုလားချက်များကို တောင်းဆိုမှုများပြုလုပ်ခဲ့ကာ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ဥပဒေဘောင်တွင်းက ဆောင်ရွက်ရမည့်ကိစ္စများကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။

ကွင်းအမှတ် ၆၀၃ တွင် လူပုဂ္ဂိုလ်၆ဦးနာမည်ဖြင့် ပုံစံ ၇ အမည်ပေါက်ထားခြင်းဖြစ်ပြီး ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၂၀ ခုနှစ်များတွင် ကိုင်းမြေများကို ဝန်းခြံခတ်၊ အကွက်ရိုက် ရောင်းချထားသည့် အကွက် ၅၄ ကွက်ရှိသည်ဟု မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ကထုတ်ပြန်ချက်ထားသည်။

အမရပူရခရိုင်၊ ယဥ်တော်ကျေးရွာအုပ်စုနှင့် ငယ်တိုးတိုက်နယ်အတွင်းက အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်းပါဝင်သည့် ကွင်းအမှတ် ၆၀၃၊ ၆၀၄၊ ၆၀၅ - က၊ ၆၀၆-က၊ ၆၀၆၊ ၆၀၇၊ ၆၀၈၊ ၆၀၉၊ ၆၁၁ အတွင်း ပုံစံ ၇ နှင့်ကိုင်းမြေစိုက်ပျိုးလုပ်ပိုင်ခွင့်ရှိသည့် စုစုပေါင်းဧရိယာ ၄၀၅.၅၀ ဧကအတွင်းမှာ စိုက်ပျိုးလုပ်ပိုင်ခွင့်များကို ပယ်ဖျက်ရုပ်သိမ်းခဲ့ပြီးဖြစ်သောကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ လက်ဝယ်ကိုင်ဆောင်ထားသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး သတ်မှတ်နှုန်းထား ငွေကြေးသော်လည်းကောင်း၊ စီမံကိန်းစာချုပ်ပါအတိုင်း စီမံကိန်းမှ ပေါ်ထွက်လာမည့် မြို့မြေကွက်သော်လည်းကောင်း လာရောက်ထုတ်ယူရန် ကြေငြာစာများကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group