
ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် က တရားဝင်ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားဖြင့် ကြိိုဆိုခဲ့သည်။
ယနေ့(သြဂုတ် ၆ ရက်)နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင် ခရီစဉ်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် က အစိုးရအိမ်တော်တွင် တရားဝင်ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားဖြင့် ကြိိုဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခြင်း ဖြစ်သည်။
ထိုသို့ ကြိုဆိုစဉ် ထိိုင်းဘုရင့်တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံ့အကြီးအကဲများအား ကြိုဆိုဂုဏ်ပြုသည့် ဓလေ့ထုံးစံစဉ်လာနှင့်အညီ ကော်ဇောနီ၏ တစ်ဖက်တစ် ချက်စီတွင် နေရာယူ အလေးပြု၍လည်းကောင်း၊ ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှ အမြောက် ၂၁ ချက်ပစ်ဖောက်၍လည်းကောင်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်အား ခရီးဦးကြိုဆိုခဲ့ကြသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာ-ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။