
၎င်း၏ Awami League ပါတီအား ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာက ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့ပြီး ၎င်း၏ ပြိုင်ဘက် BNP ပါတီ၏အစိုးရသစ်ကို စိန်ခေါ်သည့်အနေဖြင့် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
နယူးဒေလီမြို့တော်ရှိ တောင်အာရှ ပြည်ပသတင်းထောက်များ အသင်းက ကြီးမှူးကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ဟာဆီနာက ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်မရဲ့ ပြည်သူတွေဆီ ကျွန်မ ပြန်သွားမှာပါ။ သူတို့ ကျွန်မကို ထောင်ချရင်လည်း ချမယ်၊ ဒါမှမဟုတ် သတ်ရင်လည်း သတ်ကြလိမ့်မယ်၊ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့လည်း ကျွန်မ ပြန်သွားရမှာပါ"ဟု ဟာစီနာက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိမည့် ရက်စွဲအတိအကျနှင့် နှင့် အသေးစိတ် အချက်အလက်များကို အချိန်တန်ပါက ထုတ်ဖော်ပြောကြားမည်ဟုလည်း ၎င်းကဆိုသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဩဂုတ် ၅ ရက်နှောင်းပိုင်းတွင် အဆိုပါ ပွဲအခမ်းအနားကို ဝေဖန်ခဲ့ပြီး ယင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အချုပ်အခြာအာဏာကို စော်ကားခြင်းဖြစ်ကြောင်း X ပေါ်ရှိ ပို့စ်တစ်ခုတွင် ဖော်ပြခဲ့သည်။