Eleven Media Group

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဆိုင်းယော့မြို့နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၄၃) ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဆိုင်းယော့မြို့နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၄၃) ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဆိုင်းယော့မြို့နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၄၃) ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ဩဂုတ်လ (၅) ရက်က ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှ ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၄၃) ဦးမှာ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်မှတဆင့် ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာခရိုင်ဘက်သို့ သွားရောက်စဉ် အဆိုပါ ဆိုင်းယော့မြို့နယ်အတွင်းရှိ အဝေးပြေးလမ်းမပေါ်တွင် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်မှာ ဘုရားသုံးဆူ - စံခလဘူရီ - ကန်ချနဘူရီ ကားလမ်းတစ်လျှောက် စစ်ဆေးရေးဂိတ် (၁၀) ခုထက်မနည်းအား နည်းလမ်းပေါင်းစုံဖြင့် ကျော်ဖြတ်လာခဲ့ပြီးနောက် ဆိုင်းယော့မြို့နယ်အတွင်းရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုင်းရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးခြင်းခံရသည့်အတွက် မော်တော်ယာဉ်အား မောင်းနှင်ထွက်ပြေးစဉ် လမ်းလည်ကျွန်းနှင့် တိုက်မိကာ ထိုမော်တော်ယာဉ်မှာ တိမ်းမှောက်ခဲ့ခြင်းကြောင်း နှင့် ယာဉ်ပေါ်လိုက်ပါလာကြသည့် အထောက် အထားမဲ့မြန်မာနိုင်ငံသားများမှာလည်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြထားချက်များအရ သိရသည်။

ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား ဆိုင်းယော့မြို့ရှိ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း နှင့် ထိုင်းနိုင်ငံ၏ ဥပဒေများဖြင့်အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လတ်တလောတွင် ထိုင်း - မြန်မာနယ်စပ်တစ်လျှောက် ထိုင်းနိုင်ငံဘက်မှ လုံခြုံရေးတင်းကြပ်ထားသည့်အတွက်ကြောင့် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်ရန်မှာ အလွန်ခက်ခဲနေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပွဲစားတွေကတော့ ဂိတ်တွေကို ကျော်လို့ရတယ်တို့၊ အဖမ်းခံရရင်လည်း လွတ်အောင်လုပ်ပေးမယ်ဆိုပြီးတော့ ဘယ်လိုဘဲ မက်လုံးတွေပေးပြီးပြောနေပါစေ။ လက်တွေ့မှာ ထိုင်းနိုင်ငံဘက်က လုံခြုံရေးကို တင်းကြပ်ထားလို့ တစ်နေရာမဟုတ် တစ်နေရာမှာ အဖမ်းခံရဖို့များပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ ငွေကြေးတွေရော၊ ကိုယ့်အသက်အန္တရာယ်ကိုပါ စိုးရိမ်နေရတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့် ပွဲစားတွေရဲ့ မရေရာတဲ့ စကားတွေကို မယုံကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်‌အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသား (၂၉) ဦးထက်မနည်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ဘိုဘိုမြင့်

Photo Credit - thai news

မူရင်းသတင်း — Eleven Media Group