Myanmar National Post

ပင်လယ်နီထဲမှာ အိန္ဒိယ ရေနံတင်သင်္ဘော တိုက်ခိုက်နှစ်မြုပ်ခံလိုက်ရ


ဩဂုတ် - ၇

အင်္ဂါနေ့က  ယီမင်ကမ်းလွန် ပင်လယ်နီထဲမှာ  အိန္ဒိယအလံတင် ကုန်တင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံခဲ့ရ ပြီးနောက် နစ်မြုပ်သွားခဲ့ပါတယ်။ သင်္ဘောပေါ်မှာပါတဲ့ အိန္ဒိယနိုင်ငံသား ၁၃ ဦးနဲ့ ယီမင်နိုင်ငံသား တစ်ဦး၊ စုစုပေါင်း အဖွဲ့ဝင် ၁၄ ဦးစလုံးကိုတော့ ယီမင်အစိုးရတပ်ဖွဲ့တွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အမ်ဗွီဖိုင်ဇီနိုရေအိုလီယာ လို့ အမည်ရတဲ့ ဒီသင်္ဘောဟာ ဟူသီသောင်းကျန်းသူတွေ ထိန်းချုပ်ထားတဲ့ ဟိုဒေးဒါ ဆိပ်ကမ်းမြို့ တောင်ဘက်မှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ကတော့ ဆော်ဒီနဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောတွေ ပင်လယ်နီ ထဲ ဝင်ထွက်တာကို ပိတ်ဆို့သွားမယ်လို့ လွန်ခဲ့တဲ့လက ပြောခဲ့ပေမဲ့ ဒီသင်္ဘောမြုပ်သွားတဲ့အပေါ်မှာတော့ တစ်စုံတရာ မှတ်ချက်မပေးသေးပါဘူး။ သတင်းတွေအရ အိန္ဒိယအလံစိုက်ထားတဲ့ ဒီရေနံတင်သင်္ဘောဟာ ဆော်ဒီအာရေးဗီးယား ကနေ ရေနံတွေ တင်ဆောင်လာတာလို့ သိရပါတယ်။

ယီမင် ပို့ဆောင်ရေးဝန်ကြီးဌာနကတော့ ဟူသီအဖွဲ့ဟာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ လှေတစ်စင်း ကို သုံးပြီး တိုက်ခိုက်ခဲ့တာလို့ စွပ်စွဲထားသလို၊ အချို့သတင်းဖော်ပြချက်တွေမှာတော့ ဒရုန်းသင်္ဘော နဲ့ ထိမှန်ခဲ့တာလို့ ဆိုကြပါတယ်။

သင်္ဘောသွားလာမှု စောင့်ကြည့်စစ်ဆေးတဲ့ Marine Traffic ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ မတိုက်ခိုက်ခံရမီက ဒီသင်္ဘောရဲ့ သွားရောက်မယ့် ဦးတည်ရာဟာ အိုမန်နိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။  အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း စစ်မီးတောက်လောင်ခဲ့ရပြီးနောက်ပိုင်း ဟောမုဇ် ရေလက်ကြား  နဲ့ အနီးဝန်းကျင်မှာ ကုန်သွယ်သင်္ဘောတွေ တိုက်ခိုက်ခံရမှုကြောင့် အိန္ဒိယ သင်္ဘောသား ၁၀ ဦး ထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှား-ယူကရိန် ပဋိပက္ခအတွင်း ဘောလ်တစ်ပင်လယ်  ဒေသမှာလည်း အလားတူ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး အိန္ဒိယ သင်္ဘောသား ၅ ဦး သေဆုံးခဲ့ရပါတယ်လို့ သိရပါတယ်။ 


REF: RT

#သတင်းလွှာ

မူရင်းသတင်း — Myanmar National Post