Myanmar National Post

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဟန်ချက်ညီညီပေါင်းစပ်ဆောင်ရွက်နိုင်ရန် လိုအပ်


နေပြည်တော်၊ ဩဂုတ် ၇

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ပေါင်းစပ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မဟာဗျူဟာများ၊ ပင်မလုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်အဆင့် အတည်ပြုချက်ရယူ၍ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပထမအကြိမ် အစည်းအဝေးမှ သိရသည်။

အဆိုပါအစည်းအဝေးကို ယမန်နေ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန် (၂၅)ရပ် ချမှတ်ထားကြောင်း၊ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက်အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းကော်မတီ(၂)ရပ်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးကြပ်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ ကွန်ဗင်းရှင်းများ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံတကာကတိကဝတ်များကို ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသဖြင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDCs)ကို ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကွန်ဗင်းရှင်း အတွင်းရေးမှူးရုံးသို့ တင်သွင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုနှင့် မြို့ပြလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကိုလည်း ထုတ်ပြန်ခဲ့ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#သတင်းလွှာ

မူရင်းသတင်း — Myanmar National Post